close

အကြမ်းဖက်ဝါဒနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို နှိမ်နင်းမည်ဟု ပီရူးသမ္မတ ကတိပြု

ပီရူးသမ္မတ ဒီနာဘိုလူအာတာဟာ မူးယစ်ဆေးဝါး အကြမ်းဖက်ဝါဒကို နှိမ်နင်းသွားမယ်လို့ ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ ရဲ ၇ ဦးရဲ့ ဈာပနအခမ်းအနားမှာ ဖေဖော်ဝါရီ ၁၃ ရက်က ကတိပြု ပြောပါတယ်။

“အစိုးရအနေနဲ့ VRAEM နဲ့ နိုင်ငံရဲ့ နယ်မြေတလျှောက်က အကြမ်းဖက်ဝါဒနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ မဟာမိတ်ဖွဲ့ လုပ်ဆောင်နေတာတွေကို ရှေ့တန်းတင် တိုက်ဖျက်သွားဖို့ အမိန့်ပေးလိုက်တယ်” လို့ ဘိုလူအာတာက ပြောပါတယ်။

သေဆုံးမှုတွေ၊ အကြမ်းဖက်မှုတွေ ပိုများလာနေတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဒီတာဝန်မှာတော့ ပီရူးရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အပြည့်အဝ ကျောထောက်နောက်ခံ ပေးသွားမှာဖြစ်ကြောင်း ဘိုလူအာတာက အလေးပေး ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၁ ရက်က အရာရှိတွေဟာ ဝေးလံခေါင်သီတဲ့ အန်ဒီယမ်ဒေသနဲ့ VRAEM လို့ သိကြတဲ့ တောတွင်းဒေသကို ဖြတ်သန်းသွားလာချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

အဲဒီနေရာဟာ နိုင်ငံရဲ့ ကိုကင်း ၄ ပုံ ၃ ပုံလောက် ထုတ်လုပ်တယ်လို့ ယူဆရတဲ့ ဧရိယာတခုဖြစ်ပြီး တရားဝင် ပီရူးကွန်မြူနစ်ပါတီရဲ့ ကွန်မြူနစ်ပြောက်ကျားအဖွဲ့ဖြစ်တဲ့ Shining Path အဖွဲ့က စစ်သွေးကြွအကြွင်းအကျန်တွေနဲ့ မဟာမိတ်ဖွဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားကြတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

ဒါဟာ ဆယ်စုနှစ်တခုကျော်အတွင်း ရဲတပ်ဖွဲ့ကို အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ကိုလံဘီယာပြီးရင် ပီရူးဟာ ကမ္ဘာပေါ်မှာ ကိုကာရွက်နဲ့ ကိုကင်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

Up