တိုက်စစ်မှူး ဂတ်ပိုကို ရာသီကုန်တဲ့အထိ အသင်းမှာ ဆက်ရှိစေချင်ကြောင်း ပီအက်စ်ဗွီနည်းပြ နစ္စတယ်ရွိုင်းက ပြောပါတယ်။
ဂတ်ပိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သုံးဂိုးသွင်းယူနိုင်ခဲ့ကာ ခြေစွမ်းပြခဲ့ပြီးနောက် ထိပ်တန်းအသင်းရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာခဲ့တာပါ။
ဂတ်ပိုဟာ ကလပ်အသင်းမှာလည်း ၁၂ ဂိုးသွင်း၊ ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားသူပါ။
“ရွေးချယ်မှုသာရှိရင် ရာသီကုန်အထိ ဆက်ရှိစေချင်ပါတယ်။ ဒါပေမဲ့ အချိန်တခု ကျရောက်လာခဲ့ရင်တော့ အသင်းပြောင်းခွင့် မပေးဘူးလို့လည်း ပြောလို့မရနိုင်ပါဘူး” လို့ ပီအက်စ်ဗွီနည်းပြ နစ္စတယ်ရွိုင်းက ပြောပါတယ်။
ဂတ်ပိုကိုခေါ်ယူဖို့ မန်ယူအသင်းက ကြိုးပမ်းနေပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းဖို့ရှိတယ်လို့ သိရပါတယ်။
မနေ့ညက ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဟော်လန်ကလပ် ပီအက်စ်ဗွီကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
အာဆင်နယ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ကွင်းလယ်လချာကာက အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာပါ။
ဒီပွဲအနိုင်ရလဒ်ကြောင့် ဒုတိယနေရာက ပီအက်စ်ဗွီအသင်းကို အာဆင်နယ်က ၅ မှတ်ဖြတ်ထားပြီး လက်ကျန် ၂ ပွဲအလိုမှာ နောက်တဆင့် ရှုံးထွက် အဆင့်တက်ဖို့ သေချာသွားခဲ့တာပါ။
လာမယ့်တစ်ပတ်မှာ ပီအက်စ်ဗွီအသင်းအိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အုပ်စုပထမနေရာအတွက် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
အာဆင်နယ်နဲ့အတူ ဖရိုင်းဘက်၊ ဆိုစီဒက်၊ ဖီနာဘာချီနဲ့ ရင်းနက်စ်အသင်းတို့ဟာလည်း ပွဲစဉ် ၄ အပြီးမှာပဲ နောက်တစ်ဆင့်တက်ရောက်ဖို့သေချာသွားခဲ့ပါတယ်။