ပီရူးနိုင်ငံရဲ့ မြို့တော်လီမာ၊ ပူနိုနဲ့ ကတ်စ်ကို ဒေသ ၃ ခုမှာ ဇန်နဝါရီ ၁၅ ရက်က စပြီး ရက် ၃၀ ကြာ အရေးပေါ်အခြေအနေအဖြစ် သမ္မတ ဒီနာဘိုလူအာတီက ကြေညာလိုက်ပါတယ်။
ဒေသတွင်းမှာ သီတင်းပတ်ချီ ကြာနေတဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေကြောင့် လူ ၄၂ ဦးထက်မနည်း သေဆုံးခဲ့ ပြီးပါပြီ။
ဆန္ဒပြသူတွေဟာ လီမာမြို့တော်ရဲ့ လမ်းတွေပေါ်မှာ ချီတက်ရင်း ဘိုလူအာတီကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဖြုတ်ချခံ လက်ဝဲဝါဒီ သမ္မတဟောင်း ပေဒရို ကတ်စ်တီလိုကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ လာလေ့ရှိတဲ့ မီရာဖလောရက်စ် ခရိုင်ထဲမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ကတ်စတီလိုက အောက်လွှတ်တော်ကို တရားမဝင် ဖျက်သိမ်းဖို့ ကြိုးစားအပြီး ဖမ်းဆီး ဖယ်ရှား ခံခဲ့ရပြီးတဲ့နောက် ဒီဇင်ဘာလ အစောပိုင်းမှာ စပြီး သူ့ကိုထောက်ခံသူတွေက ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြပွဲတွေအတွင်း ရဲအရာရှိတယောက်နဲ့ အရပ်သား ၄၁ယောက်ထက် မနည်း သေဆုံးခဲ့တဲ့ အတွက် တာဝန်ရှိသူတွေကို ပီရူးအစိုးရ ရှေ့နေချုပ်က ဇန်နဝါရီ ၁၃ရက်က စပြီး စုံစမ်းစစ်ဆေး နေပါတယ်။
ပီရူးနိုင်ငံအနောက်ပိုင်းရှိ ကယ်လာအိုဆိပ်ကမ်းမြို့က စွန့်ပစ်ထားတဲ့ အိမ်တအိမ်မှာ ကိုကင်းမူးယစ်ဆေးဝါး ၃တန် အထိ ဖမ်းဆီးရမိခဲ့တယ်လို့ ဇန်နဝါရီ ၆ ရက်မှာ ပီရူးရဲတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြီးမားဆုံးဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတင်ပို့မှုဟာ နေအိမ်တခုရဲ့ ကြမ်းခင်းတုအောက် ဖွက်ထားတဲ့ တအိတ်မှာ အနည်းဆုံး မူးယစ်ဆေးဝါးအထုပ် ၇၀ အထိ ပါဝင်တဲ့ အိတ် ၅၁ အိတ်ကို တာဝန်ရှိသူတွေက တွေ့ရှိခဲ့တာပါ။
ဒီစစ်ဆင်ရေးနဲ့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ဗွီဒီယိုမှတ်တမ်းတခုကိုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ပီရူးရဲတပ်ဖွဲ့က နေအိမ်ကိုဝင်ရောက်စီးနင်းရာမှာ လူ ၄ ဦး ဖမ်းဆီရမိခဲ့သလို ဒီမူးယစ်ဆေးဝါးတွေ ဟာလည်း ဇန်နဝါရီ ၇ ရက်မနက်အစောပိုင်းအချိန်တွေမှာ တင်ပို့ဖို့ အဆင့်သင့် ပြင်ထားတာလို့ သိရပါတယ်။