close

ပုပ်ရဟန်းမင်

close

December 6, 2021

နိုင်ငံရေးဝါဒဖြန့်ရန် ဒုက္ခသည်များကို အသုံးချသည့်လုပ်ရပ် ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

နိုင်ငံရေးဝါဒဖြန့်ဖို့ ဒုက္ခသည်တွေကို အသုံးချတဲ့လုပ်ရပ်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီဇင်ဘာ ၅ ရက်က ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းပေါ်က ဒုက္ခသည်စခန်းကို ဒုတိယအကြိမ် လာရောက်လည်ပတ်ချိန်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒီကျွန်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဥရောပကို ဝင်ရောက်ရာ အဓိကဝင်ပေါက်ဖြစ်ပြီး ဒုက္ခသည်အရေးကိစ္စရဲ့ သင်္ကေတ ဖြစ်လာနေပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၆ ခုနှစ်ကလည်း ဒီကျွန်းပေါ်ကို ပထမဆုံးအကြိမ် လာရောက်ဖူးပြီး ဆီးရီးယားဒုက္ခသည် ၁၂ ယောက်ကို သူနဲ့အတူ အီတလီကို ခေါ်သွားခဲ့ဖူးပါတယ်။

အခုတကြိမ်မှာတော့ ဒုက္ခသည် အယောက် ၂၃၀၀ ကို ထားရှိတဲ့ မာဗရိုဗိုနီစခန်းက ဒုက္ခသည်တွေကို တွေ့ဖို့ ဂရိနဲ့ ဆိုက်ပရပ်စ်နိုင်ငံတွေဆီ ၅ ရက်တာ အလည်အပတ်ခရီးစဉ်နဲ့ ရောက်လာတာပါ။

ပုပ်ရဟန်းမင်းကြီးဟာ စခန်းထဲမှာ ကွန်ဂိုဒုက္ခသည် မိသားစုရဲ့ ပြောစကားတွေကို နားထောင် ပေးခဲ့ပါတယ်။

ဥရောပ ခေါင်းဆောင်တချို့က ဘုံရန်ပုံငွေတွေကိုသုံးပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို ဖယ်ထားဖို့ ဘလိတ်ဓား ဆူးကြိုးတွေနဲ့ တံတိုင်းဆောက်ချင်နေတာ ကြားရတာ စိတ်ဆင်းရဲတယ်လို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း၊ အာရှနဲ့ အာဖရိကဒေသတွေက ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲတွေကနေ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေအတွက် ဂရိဟာ ဥရောပသမဂ္ဂဆီကို အဓိကဝင်ပေါက် ဖြစ်နေတာ ကြာနေပါပြီ။

12 hours Ago

September 14, 2020

မီးလောင် မိုရီယာစခန်းက ဒုက္ခသည်များကို စာနာကြောင့် ပုပ်ရဟန်းမင်းကြီးပြော

ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်းပေါ်က ဥရောပရဲ့ အကြီးဆုံး ဒုက္ခသည်စခန်း မီးလောင်ခံရလို့ အိုးအိမ်မဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို စာနာတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စက်တင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။  မိုရီယာ လက်ခံကြိုဆိုရေးစခန်းမှာ လောင်တဲ့မီးကြောင့် လူ ၁၂၀၀၀ ကျော် ခိုလှုံစရာမရှိ ဖြစ်ခဲ့တာပါ။ လူများစုဟာ လေဟာပြင်မှာ အိပ်ရင်း စားနပ်ရိက္ခာ သောက်ရေနဲ့ သန့်စင်ခန်းတွေ မရှိဘဲ နေကြရပါတယ်။  ဒီဖြစ်ရပ်တွေက အိုးအိမ်မဲ့ ရွှေ့ပြောင်း နေထိုင်သူအားလုံးနဲ့ ကျနော်  သွေးစည်း နီးကပ်နေတယ်လို့ စိန့်ပီတာ ရင်ပြင်မှာ ကျင်းပတဲ့ အပတ်စဉ် လူထုတွေ့ဆုံပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးဟာ အဲဒီကျွန်းပေါ်က ဒုက္ခသည်တွေဆီကို ၂၀၁၆ ခုနှစ်က သွားရောက် လည်ပတ်ဖူးပြီး ဆီးရီးယား မိသားစု ၃ စုကို အီတလီမြို့တော်ဆီ ခေါ်လာခဲ့ဖူးပါတယ်။ လမ်းပေါ်နေရတဲ့ ဒုက္ခသည်တွေကို ယာယီစခန်းဆီ လာမယ့်ရက်ပိုင်းအတွင်း အပြီး ရွှေ့ပြောင်းပေးမယ်လို့ ဂရိအစိုးရက စက်တင်ဘာ ၁၃ ရက်မှာ ကတိပြုခဲ့ပါတယ်။ မိုရီယာ ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့တာပါ။
1 year Ago
Up