close

ပုလဲမြို့

close

April 2, 2023

ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဗန်းမောက်မြို့နယ်၌ စစ်ဘေးရှောင် ၁ ဦး သေနတ်ကျည်ထိမှန် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ  ဧပြီ ၁ ရက် မနက် ၇ နာရီခွဲလောက်က မိုင်းဆွဲအတိုက်ခိုက်ခံရတယ်လို မြို့ခံတွေထံက သိရပါတယ်။

ပုလဲမြို့ပေါ်  ဗိုလ်ချုပ်ရင်ပြင်အနီး မိုင်းဆွဲခံခဲ့ရတာဖြစ်တယ်လိုလည်း ဒေသခံတယောက်က ပြောပါတယ်။

“စစ်သား ၈‌ ယောက် စခန်းအပြင်ဘက်ကို ကင်းလှည့်ထွက်လာတာ‌ကို ကာကွယ်ရေး အဖွဲ့တွေက စောင့်ပြီးတိုက်ခိုက်သွားတာဗျ။ မိုင်းကွဲတဲ့နေရာကိုတော့ စစ်ကောင်စီတွေဘက်က ခြေရှုပ်နေတော့ အရပ်သားတွေ တစ်ယောက်မှသွားမကြည့်ရဲဘူး။”

ပုလဲမြို့နယ်အခြေစိုက်၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၀ နဲ့ ပုလဲမြို့နယ် ပကဖ တိုက်နယ်(၇)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပုလဲဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့ စခန်းထဲက ဖရဲသီးက ကြိုတင်သတင်းပို့ပေးလို အခုလို မိုင်းဆွဲနိုင်ခဲ့တာလေ။ ဆွဲခဲ့တဲ့မိုင်း ရှေ့ထွက်ပြောင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ဖရဲသီးစီက သတင်းပြန်ရထားတာက စစ်သား ၁ ဦးကျပြီး ၂  ဦးဒဏ်ရာရသွားတယ်လို့သိထားရတယ်။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့ ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။”

ပုလဲမြို့ပေါ်မှာ မတ်လ ၃၁ ရက်ကလည်း ပုလဲမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို  ဒေသခံကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်ဘက်ကနေ ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် လမ်းတလျှောက်ရှိ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာတော့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဆိုင်ကယ်မောင်းနှင်သွားတဲ့ စစ်ဘေးရှောင်သူ အမျိုးသား တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကာ အမျိုးသမီး  ၁ ဦးဒဏ်ရာရသွားပါတယ်။

ပင်ဟင်းခါးကျေးရွာအနီးမှာ မတ် ၃၁ မနက်က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဗန်းမောက်မြို့သို့ စစ်ဘေးရှောင်ဖို့ ဆိုင်ကယ်နဲ့ သွားစဉ် သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက "ဆိုင်ကယ်ပေါ်မှာလေဖြတ်ထားတဲ့ သူ့အမေက အလယ်က။ သူ့ညီမက သူ့အမေကို အနောက်က ထိန်းရင်းနဲ့ ဆိုင်ကယ်စီးပြီး စစ်ဘေးရှောင်ကြတာ။ အဲ့ဒါ ဆိုင်ကယ်မောင်းနေရင်း တိုက်ပွဲဖြစ်နေတဲ့ ပင်ဟင်းခါးရွာနားမှာ  သေနတ်မှန်သွားတယ်။ ဆိုင်ကယ် မောင်းတဲ့  အမျိုးသား သေတယ်။ ဘယ်အဖွဲ့က ပစ်တဲ့ကျည် မှန်တယ်ဆိုတာတော့ သေချာ မသိရဘူး" လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေလို့ ဆိုင်ကယ်နဲ့ စစ်ဘေးတိမ်းရှောင်ရင်း သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အမျိုးသားဟာ ကြောင်လည်ကျေးရွာမှာနေထိုင်သူ ဦးဝင်းဗိုလ်ဖြစ်ပြီး  သူ့မိခင်လည်း ဒဏ်ရာ အနည်းငယ်ရရှိခဲ့လို့  ဗန်းမောက် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ဗန်းမောက်မြို့နယ်မှာ မတ်လ ၁၅ ရက်က မီးသတ်ဦးစီးဌာန မြို့နယ်မှူး  ဦးခူးပိုလီကပ်ဟာ ဝန်ထမ်းအိမ်ရာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့  သေဆုံးခဲ့ပါတယ်။

4 hours Ago

March 31, 2023

ဂန့်ဂေါမြို့နယ်၌ ရဲကင်းစခန်း ၁ ခုကို PDF သိမ်းပိုက်၊ ပခုက္ကူနှင့် ပုလဲမြို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်စံပြကျေးရွာရှိ တိုက်နယ်ရဲကင်းစခန်းတခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မတ်လ ၃၁ ရက်‌‌ ဒီနေ့မနက် ၉ နာရီလောက်မှာ စတင်တိုက်ခိုက်ရာ ၁၁ နာရီလောက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေထံက သိရပါတယ်။

ရဲကင်းစခန်း သိမ်းခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ နမခစစ်တပ်ကနေ Mi35 နှစ်စီး၊ တိုက်လေယာဉ်တစီးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ် ဗိုလ်မကျည်းအဖွဲ့ခေါင်းဆောင်က “လက်နက်ခဲယမ်းတွေ ကျနော်တို့ ကာကွယ်ရေးတွေဘက်က သိမ်းဆည်းရမိခဲ့တာရှိတယ်။ တိုက်တဲ့အဖွဲ့ကများတော့ ရမိတဲ့ လက်နက်အရေအတွက် စာရင်းမပြုစုရသေးဘူး။ အဲ့စခန်းမှာ ရခ ၇၀ လောက်ပဲ ရှိတယ်ဆိုတာကို သိလို့ ကျနော်တို့အဖွဲ့တွေ အခုလိုဝင်တိုက်ခဲ့တာ။ စခဘက်ကတော့ အကုန်ကျတယ်။ စခန်းကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံတွေ အထိအခိုက်ရှိနိုင်ပေမဲ့ အသေအပျောက်စာရင်း အတိအကျကိုတော့ မသိရသေးပါဘူး။

ထီးလင်းမြို့နယ်မှာလည်း အခု မတ်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံး များစွာရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတွေဘက်ကလည်း အကျအဆုံး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာတော့ မတ်လ ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် အောင်သာ ပျူစောထီးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ကားကို မတ်လ ၃၀ ရက် မနက် ၉ နာရီ ၁၅ မိနစ်လောက်က ကန်တော်ကျေးရွာနားမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်ပြောင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူ-ကမ္မကားလမ်းကို လုံခြုံရေး ယူဖို့ထွက်လာတဲ့ အောင်သာရွာက ပျူစောထီးတွေကို မတ်လ ၃၀ ရက် မနက် ၁၁ နာရီ ၂၃ မိနစ်က ကန်တော်ရွာနဲ့ ညောင်ဂျစ်ပင်ရွာကြားမှာ ဒရုန်းနဲ့ ဗုံး ၆ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပျူစောထီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ပခုက္ကူပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁၊ Black Cobra တပ်ဖွဲ့၊ ပခုက္ကူ သူရိန်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ပခုက္ကူမြို့နယ် ကန်တော်ရွာနဲ့ ညောင်ဂျစ်ပင်ရွာကြားမှာ မတ်လ ၂၉ ရက်ကလည်း စစ်ကောင်စီနဲ့ ပျူစောထီးကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မှာတော့ နတ်ကနားပေးနေတဲ့ စစ်ကောင်စီတပ်ကို  မတ်လ ၃၀ ရက် မနက် ၁၁ နာရီခွဲလောက်က မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ အထူးကွန်မန်ဒိုရဲဘော်တဦးက အလစ်ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့  မြန်မာ့တော်ဝင်နဂါးတပ်တော် တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်တော် ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးက “ဒီကောင်တွေ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ပုလဲမြို့ထဲက ရွာတော်ယာဉ် နတ်စင်ကို ဖျက်ဆီးပြီး နတ်ရုပ်တုကို ဇောက်ထိုးလုပ်ထားခဲ့တာကို သူတို့အကြီးအကဲက ပြန်တောင်းပန်တဲ့အနေနဲ့ နတ်ပြန်ချော့ နတ်ကနားပေးပွဲ လုပ်နေတာကို ကျနော်တို့ မြန်မာတော်ဝင်နဂါးတပ်တော်ရဲ့ အထူးရဲဘော် ကျားရိုင်းက ၄၀ မမနဲ့ အလစ်ဝင်ရောက် ပစ်ခတ်ခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့တွေကိုသာ ချုပ်ကိုင်ထားနိုင်ပေမဲ့ ကျေးရွာအများစုကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စိုမိုးထားနိုင်နေဆဲဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း စစ်ကောင်စီလွှမ်းမိုးထားတဲ့ မြို့တွေနဲ့ ပျူရွာတွေကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တာတွေလည်း ရှိပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

2 days Ago
Up