ပုလဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဗန်းမောက်မြို့နယ်၌ စစ်ဘေးရှောင် ၁ ဦး သေနတ်ကျည်ထိမှန် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ ဧပြီ ၁ ရက် မနက် ၇ နာရီခွဲလောက်က မိုင်းဆွဲအတိုက်ခိုက်ခံရတယ်လို မြို့ခံတွေထံက သိရပါတယ်။
ပုလဲမြို့ပေါ် ဗိုလ်ချုပ်ရင်ပြင်အနီး မိုင်းဆွဲခံခဲ့ရတာဖြစ်တယ်လိုလည်း ဒေသခံတယောက်က ပြောပါတယ်။
“စစ်သား ၈ ယောက် စခန်းအပြင်ဘက်ကို ကင်းလှည့်ထွက်လာတာကို ကာကွယ်ရေး အဖွဲ့တွေက စောင့်ပြီးတိုက်ခိုက်သွားတာဗျ။ မိုင်းကွဲတဲ့နေရာကိုတော့ စစ်ကောင်စီတွေဘက်က ခြေရှုပ်နေတော့ အရပ်သားတွေ တစ်ယောက်မှသွားမကြည့်ရဲဘူး။”
ပုလဲမြို့နယ်အခြေစိုက်၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၀ နဲ့ ပုလဲမြို့နယ် ပကဖ တိုက်နယ်(၇)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပုလဲဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“သူတို့ စခန်းထဲက ဖရဲသီးက ကြိုတင်သတင်းပို့ပေးလို အခုလို မိုင်းဆွဲနိုင်ခဲ့တာလေ။ ဆွဲခဲ့တဲ့မိုင်း ရှေ့ထွက်ပြောင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ဖရဲသီးစီက သတင်းပြန်ရထားတာက စစ်သား ၁ ဦးကျပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့သိထားရတယ်။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့ ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။”
ပုလဲမြို့ပေါ်မှာ မတ်လ ၃၁ ရက်ကလည်း ပုလဲမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒေသခံကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်ဘက်ကနေ ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် လမ်းတလျှောက်ရှိ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာတော့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဆိုင်ကယ်မောင်းနှင်သွားတဲ့ စစ်ဘေးရှောင်သူ အမျိုးသား တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကာ အမျိုးသမီး ၁ ဦးဒဏ်ရာရသွားပါတယ်။
ပင်ဟင်းခါးကျေးရွာအနီးမှာ မတ် ၃၁ မနက်က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဗန်းမောက်မြို့သို့ စစ်ဘေးရှောင်ဖို့ ဆိုင်ကယ်နဲ့ သွားစဉ် သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက "ဆိုင်ကယ်ပေါ်မှာလေဖြတ်ထားတဲ့ သူ့အမေက အလယ်က။ သူ့ညီမက သူ့အမေကို အနောက်က ထိန်းရင်းနဲ့ ဆိုင်ကယ်စီးပြီး စစ်ဘေးရှောင်ကြတာ။ အဲ့ဒါ ဆိုင်ကယ်မောင်းနေရင်း တိုက်ပွဲဖြစ်နေတဲ့ ပင်ဟင်းခါးရွာနားမှာ သေနတ်မှန်သွားတယ်။ ဆိုင်ကယ် မောင်းတဲ့ အမျိုးသား သေတယ်။ ဘယ်အဖွဲ့က ပစ်တဲ့ကျည် မှန်တယ်ဆိုတာတော့ သေချာ မသိရဘူး" လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေလို့ ဆိုင်ကယ်နဲ့ စစ်ဘေးတိမ်းရှောင်ရင်း သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အမျိုးသားဟာ ကြောင်လည်ကျေးရွာမှာနေထိုင်သူ ဦးဝင်းဗိုလ်ဖြစ်ပြီး သူ့မိခင်လည်း ဒဏ်ရာ အနည်းငယ်ရရှိခဲ့လို့ ဗန်းမောက် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
ဗန်းမောက်မြို့နယ်မှာ မတ်လ ၁၅ ရက်က မီးသတ်ဦးစီးဌာန မြို့နယ်မှူး ဦးခူးပိုလီကပ်ဟာ ဝန်ထမ်းအိမ်ရာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။