ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အထည်ချုပ်စက်ရုံ ၂ ရုံ ပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမား ၁,၈၀၀ ကျော်ဟာ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
အထည်အော်ဒါမှာယူတာမရှိတဲ့အတွက် နိုဝင်ဘာလအတွင်း Chai Moon Sport အထည်ချုပ်စက်ရုံနဲ့ Myanmar ALL Rich အထည်ချုပ်စက်ရုံတို့ ပိတ်သိမ်းခဲ့တဲ့အတွက် အဲ့ဒီစက်ရုံတွေမှာ အလုပ်လုပ်ကိုင်သူ အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရကြောင်း စက်ရုံဝန်ထမ်းတွေဆီက သိရပါတယ်။
Chai Moon Sport အထည်ချုပ်စက်ရုံလုပ်သားတဦးက “စက်ရုံက နိုဝင်ဘာ ပထမအပတ်မှာ ပိတ်လိုက်တယ်။ စက်ရုံမှာ အလုပ်သမား ၈၀၀ လောက်ရှိတယ်။ အထည်အော်ဒါမရလို့ဆိုပြီး ၂ လ ယာယီပိတ်မယ်၊ အော်ဒါပြန်ရရင် ပြန်ဖွင့်မယ်ဆိုလို့ အဆောင်မှာ စောင့်နေရတယ်။ ပြန်ဖွင့်ဖို့ မလွယ်လှဘူးထင်တယ်။ တချို့လည်း ရရာအလုပ်လုပ်ပြီး စက်ရုံဖွင့်မယ့်ရက်ကို စောင့်နေတယ်။ တချို့ဆို အဆောင်ခပေးဖို့ မရှိတော့ဘူး၊ စားဖို့မရှိတော့လို့ ရွာပြန်သွားသူတွေလည်းရှိတယ်” လို့ ပြောပါတယ်။
အလားတူ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်မှာရှိတဲ့ Chai Moon Sport အထည်ချုပ်စက်ရုံဟာ အလုပ်သမား ၈၀၀ လောက်ရှိကာ သစ်ညိုကုန်းကွင်း တဲကြီးကုန်းလမ်း အမှတ် ၁၁ ရပ်ကွက်မှာရှိတဲ့ Myanmar ALL Rich အထည်ချုပ်စက်ရုံဟာ အလုပ်သမား ၁,၀၀၀ ကျော်နဲ့ လည်ပတ်ခဲ့ပြီး နိုဝင်ဘာလအတွင်းမှာပဲ အဲဒီစက်ရုံနှစ်ရုံဟာ အထည်အော်ဒါမရလို့ ပိတ်သိမ်းခဲ့တာပါ။
အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေသူတွေ အများစုဟာ ပုသိမ်မြို့ပေါ်နဲ့ အနီးနား ကျေးရွာတွေကသူတွေ ပါဝင်ပြီး အဲဒီအထည်ချုပ်စက်ရုံတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံမှာ ဇွန်လ ၁၁ ရက် မနက်ပိုင်းက စက်ရုံဖွင့်ချိန် ဗုံးပေါက်ကွဲခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ထမ်း ၉ ယောက် မနေ့ည နေပိုင်းမှာ ပြန်လွတ်လာပါတယ်။
ဗုံးပေါက်ပြီးနောက် ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ပေါက်ကွဲမှုအနားရှိခဲ့တဲ့ ဝန်ထမ်း ၈ ဦးကို အရင်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး စက်ရုံရဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုပွင့်လင်းအောင်ကိုတော့ နေ့လည် ၂ နာရီလောက်မှာထပ်မံလာရောက်ဖမ်းဆီးတာလို့ အလုပ်သမားတွေထံက သိရပါတယ်။
"ပေါက်ကွဲမှုဖြစ်ပြီး စစ်သားတွေရောက်လာတာ အဲ့နားမှာ ဘယ်သူတွေရှိလည်းဆိုပြီး ဝန်ထမ်း ၈ ယောက်ကို အရင်ခေါ်သွားတာ ရဲစခန်းကို၊ နောက်တစ်ယောက်ကို နေ့လည် ထမင်းစားနားပြီး ၂ နာရီ လောက်မှ လာခေါ်တာ''လို့ စက်ရုံ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ ဖမ်းဆီးခံရသူကို မနေ့ ညနေပိုင်းမှ ပြန်လွှတ်ပေးလိုက်ပြီး နောက်ကို ထပ်မံခေါ်စစ်တာမျိုးတွေရှိမှာကြောင့် ခရီးမထွက်ဖို့မှာကြားထားတယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ ဟွာပိုတိုင်းစ်စက်ရုံဟာ စစ်တပ်ထောက်ခံတဲ့စက်ရုံဖြစ်ပြီး ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးပါတီအတွက် မန်နေဂျာရဲ့ ဖိအားပေးမှုနဲ့ ခေါင်းဆောင်တွေကိုယ်တိုင် အလုပ်သမားတွေကို လိုက်လံမဲဆွယ်စည်းရုံးတာတွေရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်တပ်လုံခြုံရေးယူပေးထားတဲ့စက်ရုံလို့ ဝန်ထမ်းတွေကပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလကစတင်ကာ ပေါက်ကွဲမှု ၅ ကြိမ်ထိရှိခဲ့ပြီး အထည်ချုပ်မှာတော့ ခုတကြိမ်ဟာ ပထမဆုံးစတင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။