close

ပုသိမ်အထည်ချုပ်စက်ရုံ ဗုံးကွဲပြီးနောက် ဖမ်းဆီးခံရသည့် ဝန်ထမ်း ၉ ဦး ပြန်လွတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံမှာ  ဇွန်လ ၁၁ ရက် မနက်ပိုင်းက စက်ရုံဖွင့်ချိန် ဗုံးပေါက်ကွဲခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဝန်ထမ်း ၉  ယောက် မနေ့ည နေပိုင်းမှာ ပြန်လွတ်လာပါတယ်။

ဗုံးပေါက်ပြီးနောက် ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ပေါက်ကွဲမှုအနားရှိခဲ့တဲ့ ဝန်ထမ်း ၈ ဦးကို အရင်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး စက်ရုံရဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုပွင့်လင်းအောင်ကိုတော့ နေ့လည် ၂ နာရီလောက်မှာထပ်မံလာရောက်ဖမ်းဆီးတာလို့ အလုပ်သမားတွေထံက သိရပါတယ်။

"ပေါက်ကွဲမှုဖြစ်ပြီး စစ်သားတွေရောက်လာတာ အဲ့နားမှာ ဘယ်သူတွေရှိလည်းဆိုပြီး ဝန်ထမ်း ၈ ယောက်ကို အရင်ခေါ်သွားတာ ရဲစခန်းကို၊ နောက်တစ်ယောက်ကို နေ့လည် ထမင်းစားနားပြီး ၂ နာရီ လောက်မှ လာခေါ်တာ''လို့ စက်ရုံ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ ဖမ်းဆီးခံရသူကို  မနေ့ ညနေပိုင်းမှ ပြန်လွှတ်ပေးလိုက်ပြီး နောက်ကို ထပ်မံခေါ်စစ်တာမျိုးတွေရှိမှာကြောင့် ခရီးမထွက်ဖို့မှာကြားထားတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ ဟွာပိုတိုင်းစ်စက်ရုံဟာ စစ်တပ်ထောက်ခံတဲ့စက်ရုံဖြစ်ပြီး ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးပါတီအတွက် မန်နေဂျာရဲ့ ဖိအားပေးမှုနဲ့ ခေါင်းဆောင်တွေကိုယ်တိုင် အလုပ်သမားတွေကို လိုက်လံမဲဆွယ်စည်းရုံးတာတွေရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်တပ်လုံခြုံရေးယူပေးထားတဲ့စက်ရုံလို့ ဝန်ထမ်းတွေကပြောပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလကစတင်ကာ ပေါက်ကွဲမှု ၅ ကြိမ်ထိရှိခဲ့ပြီး အထည်ချုပ်မှာတော့ ခုတကြိမ်ဟာ ပထမဆုံးစတင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up