close

ပုံစံသစ်

close

December 4, 2022

ဥရောပလုံခြုံရေးဆိုင်ရာ ပုံစံသစ်ကို စဉ်းစားရန် ပြင်သစ်သမ္မတ အကြံပြု

ဥရောပနိုင်ငံတွေအနေနဲ့ လုံခြုံရေးဆိုင်ရာ တည်ဆောက် ပုံအသစ်တရပ်ကို စဉ်းစားထားသင့်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဒီဇင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။

ဥရောပဟာ အနာဂတ်မှာ နေချင်တဲ့ လုံခြုံရေး တည်ဆောက်ပုံအတွက် ပြင်ဆင်ထားဖို့ လိုတယ်လို့ အမေရိကန်နိုင်ငံဆီသွားတဲ့ တရားဝင် အလည်အပတ် ခရီးအတွင်း မက်ခရွန်က ပြင်သစ် ရုပ်သံ TF1 နဲ့ LCI တို့နဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ပြောပါတယ်။

“ဒါက သမ္မတပူတင် အမြဲပြောခဲ့တဲ့အတိုင်း ကျနော်တို့ ကိုင်တွယ်ရမယ့် မရှိမဖြစ် အချက်တွေထဲက တစ်ခုကတော့ နေတိုးက သူ့ရဲ့ တံခါးပေါက်ကနေ ချက်ခြင်းရောက်လာမှာကို ကြောက်ရွံ့တာ၊ ရုရှားကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေ ဖြန့်ကျက်ချထားတာကို ဆိုလိုတာပါ” လို့ မက်ခရွန်က ပြောပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းဖို့ ရုရှားသမ္မတပူတင်က သဘောတူလာချိန်မှာ အာမခံချက်ပေးဖို့ ပြင်ဆင်ရေးနဲ့ နေတိုးစစ်ရေး မဟာမိတ်အဖွဲ့ရဲ့ နယ်နမိတ်နဲ့ ပတ်သက်တဲ့ အခွင့်အရေး တိုးလာတာအပေါ် ရုရှားရဲ့ စိုးရိမ်ချက်ကို ဘယ်လို ရည်ညွှန်းမလဲဆိုတဲ့ အချက်တွေအတွက် စဉ်းစားဖို့လည်း ပြင်သစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။

“ဒီအကြောင်းအရာဟာ ငြိမ်းချမ်းရေးအတွက် ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်မှာဖြစ်ပြီး၊ ညှိနှိုင်းရေး စားပွဲဝိုင်းကို ပြန်ရောက်တဲ့နေ့မှာ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ဘယ်လို ကာကွယ်မလဲ၊ ရုရှားကို ဘယ်လို အာမခံချက်ပေးမလဲဆိုတာကို ပြင်ဆင်ထားဖို့ လိုပါတယ်။”လို့ လည်း မက်ခရွန်က ပြောပါတယ်။ 

ရုရှားက ယူကရိန်းကို မကျူးကျော်ခင် သီတင်းပတ် နည်းနည်းအလို ဖေဖော်ဝါရီ ၈ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့မှာ မက်ခွန်းနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲအတွင်း ပူတင်က နေတိုးတပ်တွေ မတိုးချဲ့ဖို့၊ အနီးအနားမှာ ဒုံးကျည်တပ်ဖြန့်တာ မလုပ်ဖို့နဲ့  ရုရှရဲ့ နယ်နိမိတ်တွေနဲ့ ဥရောပက နေတိုးရဲ့ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို ၁၉၉၇ ခုနှစ်တုန်း အဆင့်အထိ ပြန်လျှော့ချဖို့ သူ့ရဲ့ အဓိက လုံခြုံရေး တောင်းဆိုချက် (၃) ရပ်အတွက် အနောက်နိုင်ငံတွေဆီက အဖြေရဖို့ ဆက်လက်ကြိုးပမ်း သွားမယ်လို့ ပြောခဲ့ပါတယ်။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားခေါင်းဆောင်နဲ့ စကားပြောဖို့ အသင့်ရှိတယ်လို့ အကြံပြုခဲ့ ပြီးတဲ့နောက် ယူကရိန်းပဋိပက္ခအတွက် ဖြစ်နိုင်ခြေရှိတဲ့ ပြေလည်မှုတွေရဖို့ ဆွေးနွေးရေး ရုရှားသမ္မတ ပူတင်က လမ်းဖွင့်ထားတယ် သံတမန်ရေး အဖြေရှာဖို့ ယုံကြည်တယ်လို့ ဒီဇင်ဘာ ၂ ရက်မှာ ရုရှား သမ္မတ နန်းတော်က ပြောခဲ့ပါတယ်။ 

14 mins Ago

November 5, 2020

ကိုဗစ်-၁၉ ရောဂါ ပုံစံသစ်ဖြင့် စမ်းသပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

ဗြိတိန်အစိုးရက အရင်တခါမှ မမြင်ဖူးသေးတဲ့ အတိုင်းအတာ ပမာဏနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဟုတ်၊မဟုတ် စမ်းသပ်တဲ့ပုံစံသစ်ကို ဆောင်ရွက်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။ လောလောဆယ်မှာ အင်္ဂလန်မှာ ဒီဇင်ဘာ ၂ ရက်မှာ သက်တမ်းကုန်မယ့် တနယ်လုံး အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်း ချမှတ်ထားပေမယ့် ကူးစက်ခံဦးရေကတော့ တိုးနေတာပါ။ ဝန်ကြီးချုပ်နဲ့ လွှတ်တော်အမတ်တွေ အပတ်စဉ် အမေးအဖြေအစီအစဉ်မှာ ဂျွန်ဆင်က ခုလို ပြောလိုက်တာပါ။ ကျန်းမာရေးဌာနတွေကို ခြိမ်းခြောက်နေတဲ့ ကူးစက်မှုလှိုင်းကို ရပ်တံ့ရေးအတွက် လွှတ်တော်အမတ်တွေဟာ အင်္ဂလန်နယ်အတွက် လော့ဒေါင်းအသစ် ထပ်ချ၊မချဆိုတာ နောက်ပိုင်းမှာ မဲပေးဖို့ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့လေဘာပါတီက လုပ်ဆောင်ချက် အသစ်ကို မျက်နှာသာပေးမယ်လို့ ကတိပြုထား ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၂ ရက်မှာ သက်တမ်းကုန်မယ့် လော့ဒေါင်းကန့်သတ်ချက်ကို နောက်ထပ် လွှတ်တော် မဲတွေနဲ့ သက်တမ်းတိုးသွားနိုင်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံ ဟုတ်၊မဟုတ် စမ်းသပ်မယ့်အစီအစဉ်အသစ်ကို နိုင်ငံတဝန်း အကောင်အထည် ဖော်သွားမယ်လို့ ဂျွန်ဆင်က လွှတ်တော်ကို အာမခံ ပြောဆိုပါတယ်။   ဗြိတိန်မှာ မေ ၂၇ ရက်နောက်ပိုင်းအမြင့်ဆုံးအနေနဲ့ ၂၄ နာရီအတွင်း ကူးစက်ခံ ၃၉၇ ယောက်ရှိပြီး ကူးစက်ခံ သေဆုံးသူဦးရေကလည်း  ၃၉၇ ယောက်ထိ အင်္ဂါနေ့က စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
2 years Ago
Up