close

ပူလစ်ဇာဆု

close

May 11, 2022

ဝါရှင်တန်ပို့စ်သတင်းဌာနနှင့် ရိုက်တာသတင်းဌာန ပူလစ်ဇာဆု ရရှိ

ဒီနှစ်အတွက် စာနယ်ဇင်းဆိုင်ရာ အမြင့်ဆုံးဆုတွေထဲက တမျိုးဖြစ်တဲ့ ပူလစ်ဇာဆုကို ဝါရှင်တန်ပို့စ် သတင်းဌာနက အများပြည်သူဝန်ဆောင်မှု ကဏ္ဍအတွက် ရခဲ့ပြီး ရိုက်တာသတင်းဌာနက သတင်းဓာတ်ပုံကဏ္ဍအတွက် ဆုရခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ အမေရိကန် လွှတ်တော်ကို ဝိုင်းထားတဲ့ သတင်းနဲ့ ဝါရှင်တန်ပို့စ် သတင်းစာက ဆုရတာဖြစ်ပြီး အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပုံ သတင်းဓာတ်ပုံနဲ့ ရိုက်တာသတင်းဌာနက ဆုရခဲ့တာပါ။

နယူးယောက်တိုင်းမ်စ် သတင်းဌာနက သတင်းထောက် အန်ဒရီယာ အီးလီးယာ့တ်က ၂၀၁၃ ခုနှစ်ကစပြီး သတင်းစာမှာ ပုံနှိပ်ခဲ့တဲ့ သတင်းတွဲတွေအကြောင်း ပြန်ရေးထားတဲ့ ကိုယ်ပျောက်ကလေးလို့ နာမည်ပေးထားတဲ့ သူ့စာအုပ်နဲ့ အထွေထွေသုတစာပေ ကဏ္ဍအတွက် ပူလစ်ဇာဆုကို ရခဲ့ပါတယ်။

ရုရှားကျူးကျော်မှုအကြောင်း သတင်းဖော်ပြရာမှာ အထူးကိုးကားချက်တွေအတွက် ယူကရိန်းနိုင်ငံက သတင်းထောက်တွေကို ဆုချီးမြှင့်ခဲ့တယ်လို့ ပူလစ်ဇာဆု စီမံရေးမှူး မာဂျိုရီ မီလာက ကြေညာခဲ့ပါတယ်။

နှစ်စဉ်ကျင်းပနေကျ ပူလစ်ဇာဆုတွေဟာ အမေရိကန် စာနယ်ဇင်းလောကမှာ ဂုဏ်အရှိဆုံး ဆုတွေပါ။ ပြည်သူ့ဝန်ဆောင်မှုဆုကတော့ လူထုအာရုံစိုက်မှု အများဆုံး ဖြစ်ပါတယ်။

ပူလစ်ဇာဆုကို ၁၉၁၁ ခုနှစ်မှာ သေဆုံးခဲ့တဲ့ ဩဇာကြီးတဲ့ သတင်းစာထုတ်ဝေသူ ဂျိုးဇက် ပူလစ်ဇာရဲ့ သေတမ်းစာအရ ၁၉၁၇ ခုနှစ်မှာ စတင် ဆုချီးမြှင့်ခဲ့တာပါ။

ဂျိုးဇက် ပူလစ်ဇာဟာ ကိုလံဘီယာ တက္ကသိုလ်မှာ သတင်းစာပညာကျောင်းကို စတင်ဖွင့်လှစ်ရာမှာ ကူညီဖို့နဲ့ ဆုပေးဖို့ ငွေချန်ထားခဲ့ပါတယ်။

အစောပိုင်းမှာ သတင်းစာပညာနယ်ပယ်အတွင်း ဆုလေးဆုနဲ့ စတင်ခဲ့ပေမဲ့ ခုတော့ မီဒီယာ အစီရင်ခံတာ၊ စာရေးသားတာနဲ့ ဓာတ်ပုံပညာအပြင် စာအုပ်၊ ပြဇာတ်နဲ့ ဂီတနယ်ပယ်တွေ အပါအဝင် ကဏ္ဍ ၁၅ ခုအတွက် တိုးချဲ့ ဆုပေးနေပါတယ်။

2 hours Ago

May 5, 2020

အထူးသတင်းဓာတ်ပုံ ပူလစ်ဇာဆု ရိုက်တာ ဓာတ်ပုံသတင်းထောက်များ ရရှိ

မနှစ်က ဟောင်ကောင် အကြမ်းဖက်ဆန္ဒပြပွဲကို မှတ်တမ်းတင်ခဲ့တဲ့  ရိုက်တာ သတင်းဌာနက ဓာတ်ပုံသတင်းထောက်တွေ ပူလစ်ဇာဆု  (အထူးသတင်းဓာတ်ပုံ)  ရရှိပါတယ်။   အမေရိကန်နိုင်ငံ အလာစကာပြည်နယ် ရွာတွေရဲ့ သုံးပုံတပုံဟာ ရဲတပ်ဖွဲ့ စောင့်ရှောက်မှု မရရှိဘူးဆိုပြီး ဖော်ပြခဲ့တဲ့ Anchorage Daily News နဲ့ ProPublica တို့က ပြည်သူ့ဝန်ဆောင်မှု သတင်းစာပညာအတွက် ပူလစ်ဇာဆုကို ရခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မက်ဘက်ဗန် ကပ်ပြီးထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်   ရသူတွေကို သတင်းလုပ်ခဲ့တဲ့ လူဝီဗီးလ်မြို့က Courier-Journal ကတော့ အထူးသတင်းဆု ရရှိပါတယ်။ စုံစမ်းထောက်လှမ်းသတင်းဆုကိုတော့ နယူးယောက်တိုင်းမ် သတင်းစာရဲ့ ဘရိုင်ယန်ရိုဆန်သာက  ရခဲ့တာပါ။ ဘရိုင်ယန်ဟာ အမြတ်ကြီးစား ငွေချေးသမားတွေကြောင့် ထောင်နဲ့ချီတဲ့ နယူးယောက် တက္ကစီဒရိုင်ဘာတွေရဲ့ဘ၀ ပျက်စီးရပုံကို ဖွင့်ဟဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ပူလစ်ဇာဆု အမျိုးအစားများစွာထဲမှာ ပြည်သူ့ဝန်ဆောင်မှုဆုကိုတော့ လူအများ အနှစ်သက်ဆုံး၊ အားအကျဆုံးဆုအဖြစ် ရှုမြင်ကြပါတယ်။  ၂၀၂၀ ပြည့်နှစ် ပူလစ်ဇာဆုရှင်တွေမှာ သတင်းစာပညာအမျိုးအစား ၁၅ ခုနဲ့ စာအုပ်၊ ပြဇာတ်နဲ့ ဂီတအမျိုးအစား ၇ ခုက ဆုရသူတွေ ပါဝင်ပါတယ်။ ရိုက်တာသတင်းဌာနက ရရှိတဲ့  ပူလစ်ဇာဆုဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း သတင်းဌာနရဲ့  ၈ ခုမြောက်ဆုဖြစ်ပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း  ၅ ခုမြောက်ဆု ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up