ဝါရှင်တန်ပို့စ်သတင်းဌာနနှင့် ရိုက်တာသတင်းဌာန ပူလစ်ဇာဆု ရရှိ

ဒီနှစ်အတွက် စာနယ်ဇင်းဆိုင်ရာ အမြင့်ဆုံးဆုတွေထဲက တမျိုးဖြစ်တဲ့ ပူလစ်ဇာဆုကို ဝါရှင်တန်ပို့စ် သတင်းဌာနက အများပြည်သူဝန်ဆောင်မှု ကဏ္ဍအတွက် ရခဲ့ပြီး ရိုက်တာသတင်းဌာနက သတင်းဓာတ်ပုံကဏ္ဍအတွက် ဆုရခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ အမေရိကန် လွှတ်တော်ကို ဝိုင်းထားတဲ့ သတင်းနဲ့ ဝါရှင်တန်ပို့စ် သတင်းစာက ဆုရတာဖြစ်ပြီး အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပုံ သတင်းဓာတ်ပုံနဲ့ ရိုက်တာသတင်းဌာနက ဆုရခဲ့တာပါ။
နယူးယောက်တိုင်းမ်စ် သတင်းဌာနက သတင်းထောက် အန်ဒရီယာ အီးလီးယာ့တ်က ၂၀၁၃ ခုနှစ်ကစပြီး သတင်းစာမှာ ပုံနှိပ်ခဲ့တဲ့ သတင်းတွဲတွေအကြောင်း ပြန်ရေးထားတဲ့ ကိုယ်ပျောက်ကလေးလို့ နာမည်ပေးထားတဲ့ သူ့စာအုပ်နဲ့ အထွေထွေသုတစာပေ ကဏ္ဍအတွက် ပူလစ်ဇာဆုကို ရခဲ့ပါတယ်။
ရုရှားကျူးကျော်မှုအကြောင်း သတင်းဖော်ပြရာမှာ အထူးကိုးကားချက်တွေအတွက် ယူကရိန်းနိုင်ငံက သတင်းထောက်တွေကို ဆုချီးမြှင့်ခဲ့တယ်လို့ ပူလစ်ဇာဆု စီမံရေးမှူး မာဂျိုရီ မီလာက ကြေညာခဲ့ပါတယ်။
နှစ်စဉ်ကျင်းပနေကျ ပူလစ်ဇာဆုတွေဟာ အမေရိကန် စာနယ်ဇင်းလောကမှာ ဂုဏ်အရှိဆုံး ဆုတွေပါ။ ပြည်သူ့ဝန်ဆောင်မှုဆုကတော့ လူထုအာရုံစိုက်မှု အများဆုံး ဖြစ်ပါတယ်။
ပူလစ်ဇာဆုကို ၁၉၁၁ ခုနှစ်မှာ သေဆုံးခဲ့တဲ့ ဩဇာကြီးတဲ့ သတင်းစာထုတ်ဝေသူ ဂျိုးဇက် ပူလစ်ဇာရဲ့ သေတမ်းစာအရ ၁၉၁၇ ခုနှစ်မှာ စတင် ဆုချီးမြှင့်ခဲ့တာပါ။
ဂျိုးဇက် ပူလစ်ဇာဟာ ကိုလံဘီယာ တက္ကသိုလ်မှာ သတင်းစာပညာကျောင်းကို စတင်ဖွင့်လှစ်ရာမှာ ကူညီဖို့နဲ့ ဆုပေးဖို့ ငွေချန်ထားခဲ့ပါတယ်။
အစောပိုင်းမှာ သတင်းစာပညာနယ်ပယ်အတွင်း ဆုလေးဆုနဲ့ စတင်ခဲ့ပေမဲ့ ခုတော့ မီဒီယာ အစီရင်ခံတာ၊ စာရေးသားတာနဲ့ ဓာတ်ပုံပညာအပြင် စာအုပ်၊ ပြဇာတ်နဲ့ ဂီတနယ်ပယ်တွေ အပါအဝင် ကဏ္ဍ ၁၅ ခုအတွက် တိုးချဲ့ ဆုပေးနေပါတယ်။