ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာ ဟာယာရှီနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထနီ ဘလင့်ကန်တို့ဟာ အာကာသ စူးစမ်းလေ့လာရေးမှာ ပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီချက် ကို ဇန်နဝါရီ ၁၃ ရက်က ဝါရှင်တန်ဒီစီရှိ နာဆာ ရုံးချုပ်မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါ့ရဲ့ ရှေ့မှောက်မှာပဲ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဂျပန်၀န်ကြီးချုပ် ဖူမီယို ခီရှီဒါ့ကတော့ ဂျပန်-အမေရိကန် အာကာသ ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူညီချက်ကို ဒီနေ့ လက်မှတ် ရေးထိုးရတာ တကယ်ကို ဝမ်းသာပါကြောင်း ပြောသွားပါတယ်။
ဒီမူဘောင် သဘောတူညီချက်အရ “အာကာသနည်းပညာနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သုတေသနပြုမှု၊ လမျက်နှာပြင်ကို စက်ရုပ်စေလွှတ်မှု မစ်ရှင်တွေ၊ ရာသီဥတုဆိုင်ရာမစ်ရှင်တွေ အပြင် လမျက်နှာပြင်ပေါ်မှာ ဂျပန်အာကာသယာဉ်မှူး တဦးကို တွေ့ရှိရဖို့နဲ့ ရည်မှန်းချက်တွေ မျှဝေထားတဲ့ တခြားနယ်ပယ်တွေမှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အမြင့်ဆုံး မြှင့်တင်ပေးမှာဖြစ်ကြောင်း” အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင့်ကန်က ပြောဆိုပါတယ်။
နာဆာ အုပ်ချုပ်ရေးမှူး ဘီလ်နယ်လ်ဆင်က “ကျနော်တို့နိုင်ငံတွေဟာ အာကာသထဲကို အမှီအခိုကင်းကင်း လွှတ်တင်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေဖြစ်ပြီး စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အသင့်ပါပဲ” လို့ ပြောပါတယ်။
ဂျပန်နဲ့အမေရိကန် တို့ဟာ ပွင့်ပွင့်လင်းလင်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ စူးစမ်းလေ့လာကြတော့မှာကို ထပ်လောင်း အတည်ပြုလိုက်ပြီ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာ ဟာယာရှီက “ဒီသဘောတူညီချက်ကို အခြေခံပြီး ဂျပန်-အမေရိကန် အာကာသ ပူးပေါင်းဆောင်ရွက်မှုဟာ နောက်ထပ် ပိုနက်ရှိုင်းဖို့နဲ့ လူသားအားလုံးရဲ့အနာဂတ်ကို အကျိုးရှိစေဖို့ လေးလေးနက်နက် မျှော်လင့်ကြောင်း” ပြောသွားပါတယ်။
နာဆာဟာ လကမ္ဘာဆီကို အာတီမစ္စ် မစ်ရှင်ရဲ့ တစိတ်တပိုင်းအဖြစ် ဂျပန်အာကာသယာဉ်မှူးတွေကို ထားရှိဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဂျာမနီအစိုးရဟာ အိန္ဒိယနိုင်ငံထဲမှာ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာကောင်းတွေကို တွေ့ထားတယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘယ်ယာဘောက်ထ်က ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။
အိန္ဒိယမြို့တော် နယူးဒေလီကို ရောက်နေတဲ့ ဘယ်ယာဘောက်ထ်က ဂျာမနီဟာ ကုန်သွယ်ရေးဆိုင်ရာ ကွဲပြားမှုတွေကြောင့် အိန္ဒိယအစိုးရရဲ့ အရေးပါမှုကို မီးမောင်း ထိုးပြခဲ့ပါတယ်။
တရုတ်အတွက် အစားထိုးမိတ်ဖက်အဖြစ် အိန္ဒိယကို မြင်သလားလို့ မေးရာမှာ ဘယ်ယာဘောက်ထ်က အိန္ဒိယဟာ ဂျာမနီနဲ့ ဥရောပသမဂ္ဂအတွက် အမြဲတမ်း မိတ်ဖက်လို့ ပြောပါတယ်။
“ကျမတို့ဟာ ဒီမိတ်ဖက်ဆက်ဆံရေးကို ပိုပြီးနက်ရှိုင်းအောင် လုပ်ချင်ပါတယ်”လို့လည်း ဂျာမန် နိုင်ငံခြားရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျာမနီနိုင်ငံဆီကို အိန္ဒိယ ကျွမ်းကျင်လုပ်သားတွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ အလုပ်သင်တွေ လာရာမှာ လွယ်ကူ ချောမွေ့စေမယ့် ရွှေ့ပြောင်းနေထိုင်မှုနဲ့ ရွေ့ပြောင်း သွားလာရေး မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်ကို မကြာသေးမီက ဘယ်ယာဘောက်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဂျာမန်အစိုးရဟာ ဥရောပရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီး လိုအပ်နေတဲ့ ဥရောပ သမဂ္ဂပြင်ပ အလုပ်သမားတွေအတွက် အလုပ်အကိုင်ဈေးကွက်ကို ဖွင့်လှစ်ဖို့ ကြိုးပမ်းနေတာပါ။
ဂျာမနီအစိုးရဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ သဘောတူခဲ့ပါတယ်။
သက်ကြီးရွယ်အို ဦးရေ တိုးနေလို့ အများနဲ့ ဆိုင်တဲ့ အငြိမ်းစား ထောက်ပံ့ကြေး ပင်စင်စနစ်အပေါ် ဖိအားတွေတိုးလာနေချိန်မှာ ဂျာမန်စီးပွားရေး တိုးတက်မှုအားနည်းနေလို့ ကျွမ်းကျင်သူ ပြတ်လပ်မှုကို ကိုင်တွယ် ဖြေရှင်းဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ လေ့ကျင့်ရေးကို မြှင့်တင်ချင်တယ်လို့ ဂျာမန် အစိုးရက ပြောပါတယ်။