တောင်ကိုးရီးယားနိုင်ငံက ထင်ရှားကျော်ကြားတဲ့ Black Pink (YG-Family) တေးဂီတအဖွဲ့ဝင် ထိုင်းပေါ့ပ်အဆိုတော် လာလီဇာမနိုဗန်ဟာ မနေ့ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် နယူးဂျာစီမြို့မှာ ကျင်းပတဲ့ MTV Video Music Award 2022 ဆုပေးပွဲမှာ ၂၀၂၂ အတွက် K-Pop Video အကောင်းဆုံးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
သူ့ရဲ့ တေးသီချင်းတွေထဲက ထင်ရှားကျော်ကြားတဲ့ “Lalisa” ဆိုတာ MTV သီချင်းနဲ့ အဆိုပါဆုကို ရရှိခဲ့တာပါ။
အဆိုပါ MTV ထဲမှာ သူဟာ လှပတဲ့ကကွက်တွေနဲ့အတူ ထိုင်းယဉ်ကျေးမှုဆန်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဇာတိမြေ ဘူရီရမ်ခရိုင်က အထင်ကရနေရာတွေမှာပါ နောက်ခံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဗွီဒီယိုကို ယူကျုပေါ်မှာ တင်လိုက်တဲ့အခါ ၂၄ နာရီအတွင်း ဝင်ကြည့်တဲ့ အကြိမ်ပေါင်း ၇၃ သန်းရှိသွားခဲ့ပါတယ်။
ဆုတက်ယူစဉ် သူက အင်္ဂလိပ်၊ ကိုးရီးယား၊ ထိုင်း စတဲ့ ဘာသာစကား ၃ မျိုးနဲ့ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့နဲ့ တွဲဘက်သူငယ်ချင်းကောင်း ၃ ယောက် အပါအဝင် သူ့ကိုအားပေးတဲ့ နိုင်ငံတကာက ပရိဿတ်တွေကိုပါ ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။
လာလီဆာဟာ ကမ္ဘာ့ K-Pop/ hip hop/ dance pop လောကမှာ ထိုင်းအမျိုးသမီးတစ်ယောက်အနေနဲ့ ပထမဆုံး အကောင်းဆုံးဆုရ မိန်းကလေးတစ်ဦး ဖြစ်တာကြောင့် ထိုင်းနိုင်ငံ့ဂုဏ်ဆောင်အမျိုးသမီးတစ်ဦးလည်း ဖြစ်သွားပါတယ်။
လာလီဆာဟာ လက်ရှိအသက် ၂၅ နှစ်ရွယ်ဖြစ်ပြီး မူလတန်းကျောင်းသူ အရွယ်ကတည်းက အကပညာ စိတ်ဝင်စားကာ ကျောင်းကပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့ထူးချွန်မှုကြောင့် အသက် ၁၄ နှစ်မှာ တောင်ကိုးရီးယားနိုင်ငံက ထင်ရှားတဲ့ Black pink (Y-G Family) တေးဂီတအဖွဲ့ထဲ ပါဝင်ခွင့်ရပြီး ခေတ်ပေါ်ပေါ့ပ်နဲ့ ဟစ်ဟော့ပ် အဆို အကပညာ လေ့လာသင်ကြားခွင့်တွေ ရရှိခဲ့တာပါ။
Photo- PPTV
ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဘရစ်နေးစပီးယားဟာ သူ့ရဲ့ အနုပညာလုပ်ငန်းကို ဖခင်က ထိန်းချုပ်ထားသရွေ့ သူဖျော်ဖြေပွဲတွေ လုပ်မှာမဟုတ်သေးဘူးလို့ ဇူလိုင် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
ထိန်းသိမ်းကာကွယ်သူအဖြစ် ၁၃ နှစ်ကြာ သူနေရခဲ့တဲ့ အဖြစ်ဟာ သူ့အိပ်မက်တွေကို သတ်ပစ်ခဲ့တယ်လို့လည်း ဘရစ်နေးက ပြောပါတယ်။
“ကျမ ဘာဝတ်မယ်၊ ဘာပြောမယ်၊ ဘာလုပ်မယ်၊ ဘာတွေးမယ်ကအစ အဖေက ကိုင်တွယ်နေသရွေ့ ကျမဘယ်စင်ပေါ်မှာမှ ဘယ်အချိန်မှာမှ ဖျော်ဖြေဦးမှာ မဟုတ်ဘူး” လို့ ဘရစ်နေးက အင်စတာဂရမ် လူမှုကွန်ယက်ပေါ်မှာ မှတ်ချက်ပေး ရေးသားခဲ့တာပါ။
သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဘဏ္ဍာရေး ကိစ္စတွေကို ဖခင်က ထိန်းချုပ်ထားတာနဲ့ ပတ်သက်လို့ ခံစားချက်ဆိုင်ရာ မှတ်ချက်တွေလည်း သူ့မှာ တသီကြီး ရှိနေခဲ့ပါတယ်။
ပေါ့ပ် အဆိုတော်ရဲ့ ဖခင်ဂျေမီစပီးယားဟာ သမီးဖြစ်သူရဲ့ အမေရိကန်ဒေါ်လာ သန်း ၆၀ တန် ပိုင်ဆိုင်မှုတွေကို ၂၀၀၈ ခုနှစ်က သူ စီစဉ်ထားပြီး တရားရုံးက ခန့်အပ်ထားတဲ့ အုပ်ထိန်းခွင့်အောက်မှာ တဦးတည်း ထိန်းချုပ် ထားတယ် လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။
အသက် ၃၉ နှစ်အရွယ် ဘရစ်နေးစပီးယားဟာ ဖွင့်ဟ မပြောတဲ့ စိတ်ကျန်းမာရေး ပြဿနာရှိပြီး ၂၀၁၈ နောက်ပိုင်းမှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြီးတည်းက လူထုကို မဖျော်ဖြေတော့ဘဲနေခဲ့တာပါ။
ဒီသီတင်းပတ်ထဲမှာတော့ ဘရစ်နေးစပီးယားဟာ အုပ်ထိန်းခွင့် အဆုံးသတ်ရေး သူ့ကိုယ်စား တရားရုံးမှာ ရင်ဆိုင်ဖို့ ရှေ့နေအသစ်ကို ခန့်အပ်ခဲ့ပြီး ထိန်းချုပ်မှုကိုလည်း အလွဲသုံးစားမှု အဖြစ် ခေါ်ဝေါ်ခဲ့ပါတယ်။
ဘရစ်နေးစပီးယားနဲ့ သူ့ရှေ့နေတို့ဟာ အုပ်ထိန်းခွင့် အဆုံးသတ်ရေး တရားဝင် တောင်းဆိုချက်ကို တရားရုံးမှာ မတင်ရသေးပါဘူး။ နောက်တချီ တရားရုံး ကြားနာပွဲကို လော့စ်အိန်ဂျလိစ်မြို့ မှာ စက်တင်ဘာ ၂၉ရက်မှာ ကြားနာမှာ ဖြစ်ပါတယ်။
ဘရစ်နေး စပီးယားကို အမှုဆင်ခြင်းလို့ နာမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင် တကားကတော့ အုပ်ထိန်းခွင့်နဲ့ ပတ်သက်ပြီး အာရုံစိုက်မှု ပိုကျယ်ကျယ်ပြန့်ပြန့် ရခဲ့ပြီး ဘရစ်တနေး စပီးယားအတွက် လူထု ထောက်ခံမှု ပိုများလာခဲ့ပါတယ်။
“မှတ်တမ်းရုပ်ရှင်တွေဟာ အတိတ်က အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရတဲ့ ကာလ အခိုက်အတံ့ကို သယ်လာတဲ့ နည်းလမ်း ဖြစ်နေလို့ ကျမကြိုက်ဘူး။ ဒါတွေ အားလုံးကို ကျမကျော်ဖြတ်ခဲ့ ပြီးပြီလို့” ဘရစ်တနေး စပီးယားက ပြောပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကားဟာ ဒီသီတင်းပတ်ထဲမှာ အမ်မီ ရုပ်ရှင်ဆု ၂ ဆုအတွက် နာမည်စာရင်းသွင်း ခံထားရပါတယ်။
PHOTO -REUTERS