close

ပေါ်တာဆွဲ

close

December 1, 2022

ဖားကန့်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၆၀ ကျော်ကို အဓမ္မခိုင်းစေရန် ပေါ်တာဆွဲ

ကချင်ပြည်နယ်၊ ဖားကန့်လမ်း၊ ကွမ်ဆိုင်ကျေးရွာထိပ်က ဆုတောင်းကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်မ (၃) ခလရ(၄၂) တပ်ရင်းက အင်အား ၁၀၀ ကျော်နဲ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက အရပ်သားပြည်သူတွေကို အဓမ္မခိုင်းစေဖို့ ပေါ်တာ ဆွဲသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီညနေပိုင်းမှာ လမ်းခရီးတလျှောက် တွေ့သမျှ အရပ်သားပြည်သူတွေအပြင် ဖားကန့် အတက်အဆင်း ကားသမားတွေအပါအဝင် အယောက် ၆၀ လောက်ကို ဖမ်းဆီးပြီး လမ်းပြနဲ့ အထမ်းပေါ်တာအဖြစ် ခိုင်းစေကာ ဖားကန့်မြို့က ဆင်းလာခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၅ နာရီလောက်က နန့်ယားကျေးရွာရှိ စစ်ကောင်စီစခန်းကို ရောက်ရှိလာခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

“ကားသမားတွေကိုတော့ ဒီမနက်ပိုင်း (ဒီဇင်ဘာ ၁ ရက်) မှာ ပြန်လွှတ်ပေးလိုက်ပြီလို့တော့ သိရတယ်။ တခြားအရပ်သားပြည်သူတွေကိုတော့ နန့်ယား စစ်ကောင်စီစခန်းထဲ ခေါ်ဖမ်းထားတယ်။ ဖားကန့်လမ်းမှာ စစ်တပ်က ပေါ်တာဆွဲနေတာ။ ပြီးရင် သူတို့ သွားချင်တဲ့နေရာကို သွားရင် လူသားတံတိုင်းလို ခေါ်သွားတာ။ နန့်ယားဂိတ်ကတော့ အရင်ကတည်းက အစစ်အဆေးကြမ်းတယ်။ အခုလည်း ဖားကန့်လမ်းက အစစ်အဆေးများတုန်းပဲ။”

ဖားကန့်မြို့နယ် ကားမိုင်းစစ်ကောင်စီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေက ဒီဇင်ဘာလ ၁ ရက် မနက် ၆ နာရီခန့်ကစပြီး ကားမိုင်းမြို့အဝင် လိုင်နောင်တံတားမှာ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က ဖားကန့် အနန့်ပါကို လေယာဥ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့ပြီးနောက်ပိုင်း ဖားကန့်မြို့မှာ စစ်အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ တောက်လျှောက်ရှိနေသလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

34 mins Ago

July 14, 2022

ပေါ်တာဆွဲလာသည့် ပြည်သူများကို စစ်ဝတ်စုံဝတ်ပေးပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အဓမ္မပေါ်တာဆွဲလာတဲ့ ပြည်သူ ၁၅ ယောက်ကို  စစ်ဝတ်စုံတွေ ဝတ်ပေးထားပြီး စစ်ကြောင်းထိုးလာတယ်လို့   ခိုင်လုံတဲ့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် ၁၂ ရက်‌ မနက်က ကသာမြို့နယ် ရာဇဂြိုလ်တောင်ကနေ အင်းတော်နယ်ဘက်ကို အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဆင်းလာရာ လမ်းတလျှောက်ရှိ ကူးဆိပ်၊ ကျန်တော၊ နားနောင်၊ ကျော်ရွာနဲ့ နားခါရွာတွေရှိ  နွားကျောင်းနေသူနဲ့ လယ်ယာလုပ်ကိုင်နေတဲ့ ပြည်သူ ၁၅ ယောက်ကို  ပေါ်တာဆွဲသွားတာဖြစ်ပါတယ်။

မြင်တွေ့လိုက်ရသူ‌ ဒေသခံတစ်ဦးက" စစ်ဝတ်စုံဝတ်ပေးခံထားရတဲ့သူတွေ ငိုယိုနေကြတယ်"လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို ဝင်ရောက် မီးရှို့ ပြည်သူတွေကို ဖမ်ဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေကို ပေါ်တာအဖြစ် ဖမ်းဆီးပြီး အဓမ္မ အလုပ်ခိုင်းစေတာနဲ့  လူသားဒိုင်းအဖြစ် အသုံးပြုတာတွေရှိနေတာပါ။   

စစ်ကောင်စီတပ်သားတွေဟာ  နန်းကင်ရွာမှာ တထောက်နားပြီး အင်းတော်မြို့ရဲ့တောင်ဘက် နတ်မဟုတ်ကြီး၊ တန်ဘိုနဲ့ မဲဇာရွာဘက်ကို ဦးတည်ပြီး လယ်ပြင်လမ်းအတိုင်း ဆက်လက်ချီတက်သွားကြတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။

5 months Ago
Up