ပေါ်တူဂီနိုင်ငံက မြို့တော်လစ္စဘွန်း အပါအဝင် နိုင်ငံတဝန်းက တခြားမြို့တွေမှာ နေအိမ် ငှားရမ်း ခနဲ့ နေအိမ်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ဧပြီ ၁ ရက်မှာ လူထောင်ပေါင်းများစွာက လမ်းပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှု မြင့်မားလာတာကြောင့် အများ ပြည်သူအတွက် ပိုမိုခက်ခဲလာစေခဲ့ပါတယ်။ ဟာဘီတာ အိမ်ရာအဖွဲ့က ရီတာဆေးလ်ဗားကတော့ ဒီကနေ့မှာ ကြီးမားတဲ့ နေထိုင်မှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေသလို ဒါဟာ လူမှုအရေးပေါ်အခြေအနေ ဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။
ပေါ်တူဂီနိုင်ငံဟာ အနောက်ဥရောပနိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး အစိုး ရ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်မှာ အလုပ်သမား ၅၀ ရာခိုင်နှုန်းဟာ တစ်လကို ယူရိုငွေ ၁၀၀၀ အောက်သာ ရရှိတဲ့အပြင် အနည်းဆုံးလုပ်ခလစာဟာလည်း တစ်လကို ယူရိုငွေ ၇၆၀သာ ရှိ တယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ်ကစလို့ ခရီးသွားမြို့တော်တစ်ခုဖြစ်တဲ့ လစ္စဘွန်းမြို့မှာ အိမ်ဌားရမ်းခ ၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အပြင် ဒီကာလတူမှာတင် အိမ်အရောင်းဈေးနှုန်းတွေဟာလည်း ၁၃၇ ရာခိုင်နှုန်းအထိ တဟုန်ထိုး မြင့်တက်လာခဲ့တယ်လို့ အိမ်ရာအချက်အလက် ကောက်ယူမှု ဆိုင်ရာ လွတ်လပ်တဲ့အဖွဲ့က ဆိုပါတယ်။
မနှစ်က တစ်နှစ်တည်းမှာတင် ပေါ်တူဂီနိုင်ငံမှာ အိမ်ငှားရမ်းခ ၃၇ ရာခိုင်နှုန်း မြင့်တက် လာတာကြောင့် ဒီနှုန်းထားဟာ ဘာစီလိုနာနဲ့ ပဲရစ်မြို့ကြီးတွေထက် ပိုမိုများပြားပါတယ်။
ဒီအခြေအနေတွေဟာ လူငယ်တွေအပေါ်မှာသာ သက်ရောက်မှု ပြင်းထန်နေတာဖြစ်ပြီး လစ္စဘွန်းမြို့တော်မှာ အိပ်ခန်း ၁ခန်းပါ တိုက်ခန်းငှားရမ်းမယ်ဆိုရင် ယူရိုငွေ ၁၃၅၀ ၀န်းကျင်အထိ ရှိပါတယ်။
ဆိုရှယ်လစ်ဝါဒီ ပေါ်တူဂီအစိုးရကတော့ အငြင်းပွားဖွယ်ရာ "ရွှေရောင်ဗီဇာ" စီမံချက် အဆုံးသတ်မှု အပါအဝင် Airbnb အိမ်ရာအဆောက်အအုံတွေအတွက် လိုင်စင်အသစ်ချပေးမှုကိုပါ ပိတ်ပင်လိုက်တဲ့ အစီအစဉ်အသစ်တစ်ခုကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
လက်ရှိမှာ ပေါ်တူဂီနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၈ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိနေပြီး လစ္စဘွန်းမြို့ဟာလည်း လုပ်ခလစာနည်းပါးမှုနဲ့ ငှားရမ်းခမြင့်မားမှုတွေကြောင့် ကမ္ဘာပေါ်မှာ နေထိုင်မှုဆိုင်ရာ အလားအလာကောင်း အနည်းဆုံး တတိယမြောက်မြို့ ဖြစ်လာခဲ့ပါတယ်။
ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့တော်ရှိ အစ္စမေးလ်လိ မွတ်စလင်စင်တာမှာ မတ်လ ၂၈ ရက်က ဓားနဲ့တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပေါ်တူဂီရဲတပ်ဖွဲ့က ပြောပါတယ်။
ဓားကြီးတလက် ကိုင်ဆောင်ထားတဲ့ အမည်မသိ အမျိုးသားတဦးဟာ မတ်လ ၂၈ ရက် မနက် ၁၁ နာရီမတိုင်ခင်မှာ လစ္စဘွန်းမြို့ရှိ ရှီယာမွတ်စလင်စင်တာကို တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်သူဟာ လက်နက်ချခိုင်းတာကို ငြင်းဆန်ပြီး အရာရှိတွေဆီ ဓားနဲ့ ချဉ်းကပ်လာပြီး နောက်မှာတော့ သူ့ကို သေနတ်နဲ့ ပစ်ခဲ့ရပါတယ်။ အဲဒီနောက် သူ့ကိုဖမ်းဆီးပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
တိုက်ခိုက်သူမှာ အာဖဂန်နိုင်ငံသားဖြစ်ကြောင်း CNN ပေါ်တူဂီသတင်းမှာ ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူ ဘာနိုင်ငံသားဆိုတာကို ချက်ချင်းအတည်မပြုခဲ့ပါဘူး။
အလွန်ထိတ်လန့်သွားကြတဲ့ လူတွေဟာ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေ ချထားတဲ့ကြားမှာပဲ လစ္စဘွန်းစင်တာရဲ့ အပြင်ဘက်မှာ ရပ်နေကြပြီး နောက်ပိုင်းမှာ သူတို့ကို အဆောက်အအုံထဲ ခေါ်ဆောင်သွားခဲ့ကြပါတယ်။
ဝန်ကြီးချုပ် အန်တိုနီယို ကော်စတာကတော့ ဒါဟာ သီးခြားလုပ်ရပ်တခုလို့ အရာအားလုံးက ညွှန်ပြနေပြီး ဒီပြစ်မှုနဲ့ပတ်သက်လို့ ပြောဆိုဖို့ အချိန်မတန်သေးဘူးလို့ ပြောပါတယ်။
အစ္စမေးလ်လိတွေဟာ ပါကစ္စတန်လို နိုင်ငံတွေမှာ အစွန်းရောက်အုပ်စုတွေရဲ့ တိုက်ခိုက်တာခံခဲ့ရတဲ့ ရှီယာအစ္စလာမ်ဘာသာဝင် လူနည်းစုဖြစ်ပါတယ်။
ပေါ်တူဂီရှိ အစ္စမေးလ်လိ အသိုက်အဝန်းဟာ ဥရောပတိုက်မှာ အကြီးဆုံးဖြစ်ပြီး မိုဇမ်ဘစ်နိုင်ငံ ပြည်တွင်းစစ်အတွင်း မိုဇမ်ဘစ်ကနေ ထွက်ပြေးလာသူ အများအပြား အပါအဝင် အရေအတွက် ထောင်နဲ့ချီပြီး ရှိပါတယ်။