close

နေအိမ်ငှားရမ်းခများ ဈေးကြီးသဖြင့် ပေါ်တူဂီတွင် ဆန္ဒပြ

ပေါ်တူဂီနိုင်ငံက မြို့တော်လစ္စဘွန်း အပါအဝင် နိုင်ငံတဝန်းက တခြားမြို့တွေမှာ နေအိမ် ငှားရမ်း ခနဲ့ နေအိမ်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ဧပြီ ၁ ရက်မှာ လူထောင်ပေါင်းများစွာက လမ်းပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။ 

တချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှု မြင့်မားလာတာကြောင့် အများ ပြည်သူအတွက် ပိုမိုခက်ခဲလာစေခဲ့ပါတယ်။ ဟာဘီတာ အိမ်ရာအဖွဲ့က ရီတာဆေးလ်ဗားကတော့ ဒီကနေ့မှာ ကြီးမားတဲ့ နေထိုင်မှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နေသလို ဒါဟာ လူမှုအရေးပေါ်အခြေအနေ ဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။ 

ပေါ်တူဂီနိုင်ငံဟာ အနောက်ဥရောပနိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး အစိုး ရ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်မှာ အလုပ်သမား ၅၀ ရာခိုင်နှုန်းဟာ တစ်လကို ယူရိုငွေ ၁၀၀၀ အောက်သာ ရရှိတဲ့အပြင် အနည်းဆုံးလုပ်ခလစာဟာလည်း တစ်လကို ယူရိုငွေ ၇၆၀သာ ရှိ တယ်လို့ သိရပါတယ်။ 

၂၀၁၅ ခုနှစ်ကစလို့ ခရီးသွားမြို့တော်တစ်ခုဖြစ်တဲ့ လစ္စဘွန်းမြို့မှာ အိမ်ဌားရမ်းခ ၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အပြင် ဒီကာလတူမှာတင် အိမ်အရောင်းဈေးနှုန်းတွေဟာလည်း ၁၃၇ ရာခိုင်နှုန်းအထိ တဟုန်ထိုး မြင့်တက်လာခဲ့တယ်လို့ အိမ်ရာအချက်အလက် ကောက်ယူမှု ဆိုင်ရာ လွတ်လပ်တဲ့အဖွဲ့က ဆိုပါတယ်။ 

မနှစ်က တစ်နှစ်တည်းမှာတင် ပေါ်တူဂီနိုင်ငံမှာ အိမ်ငှားရမ်းခ ၃၇ ရာခိုင်နှုန်း မြင့်တက် လာတာကြောင့် ဒီနှုန်းထားဟာ ဘာစီလိုနာနဲ့ ပဲရစ်မြို့ကြီးတွေထက် ပိုမိုများပြားပါတယ်။

ဒီအခြေအနေတွေဟာ လူငယ်တွေအပေါ်မှာသာ သက်ရောက်မှု ပြင်းထန်နေတာဖြစ်ပြီး လစ္စဘွန်းမြို့တော်မှာ အိပ်ခန်း ၁ခန်းပါ တိုက်ခန်းငှားရမ်းမယ်ဆိုရင် ယူရိုငွေ ၁၃၅၀ ၀န်းကျင်အထိ ရှိပါတယ်။ 

ဆိုရှယ်လစ်ဝါဒီ ပေါ်တူဂီအစိုးရကတော့ အငြင်းပွားဖွယ်ရာ "ရွှေရောင်ဗီဇာ" စီမံချက် အဆုံးသတ်မှု အပါအဝင် Airbnb အိမ်ရာအဆောက်အအုံတွေအတွက် လိုင်စင်အသစ်ချပေးမှုကိုပါ ပိတ်ပင်လိုက်တဲ့ အစီအစဉ်အသစ်တစ်ခုကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ 

လက်ရှိမှာ ပေါ်တူဂီနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၈ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိနေပြီး လစ္စဘွန်းမြို့ဟာလည်း လုပ်ခလစာနည်းပါးမှုနဲ့ ငှားရမ်းခမြင့်မားမှုတွေကြောင့် ကမ္ဘာပေါ်မှာ နေထိုင်မှုဆိုင်ရာ အလားအလာကောင်း အနည်းဆုံး တတိယမြောက်မြို့  ဖြစ်လာခဲ့ပါတယ်။ 

Up