close

ပဲမျိုးစုံ

close

July 14, 2022

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းပို့ကုန်လိုင်စင်အတွက် ထောက်ခံချက် ယူရမည်ဟု စစ်ကောင်စီညွှန်ကြားပြန်

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနဲ့ မြေပဲဆန်  ပြည်ပတင်ပို့ခွင့်လျှောက်ထားမှုတွေအတွက် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်းက ထောက်ခံချက် စိစစ်ထုတ်ပေးရမယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်း၀န်ကြီးဌာနက  ညွှန်ကြားထားပါတယ်။

ဇူလိုင်  ၁၃ ရက်နေ့ ရက်စွဲနဲ့  ထွက်ပေါ်လာတဲ့ ညွှန်ကြားစာအရ လျှောက်ထားလာတဲ့ ပို့ကုန်လိုင်စင် တစောင်ချင်းအပေါ် စိစစ်ပြီး ထောက်ခံချက် ထုတ်ပေးဖို့အတွက် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များ အသင်းကို  အဆိုပါဌာနက အကြောင်းကြားထားတာဖြစ်ပါတယ်။ 

စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနအနေနဲ့  ပြည်ပနိုင်ငံတွေဆီ နယ်စပ်၊ ပင်လယ် ရေကြောင်းတို့ကနေ ပဲမျိုးစုံ၊ပြောင်းနဲ့ ဆီထွက်သီးနှံတွေ တင်ပို့ရာမှာ အခုလ ၁ ရက်က စတင်ပြီး အမေရိကန်ဒေါ်လာငွေကြေးနဲ့ သာ ပို့ကုန်လိုင်စင်တွေကို ခွင့်ပြုထုတ်ပေးနေတာ ဖြစ်ပါတယ်။ 

အရင်က နယ်စပ်ကုန်သွယ်ရေးမှာ အဆိုပါ ပို့ကုန်သီးနှံတွေအတွက် ပို့ကုန်ရငွေကို ကျပ်ငွေနဲ့ ဘတ်၊ ကျပ်ငွေနဲ့ ယွမ်တိုက်ရိုက် ပေးချေမှုနဲ့ ခွင့်ပြုခဲ့ရာကနေ  ဇူလိုင် တရက်က စတင်ပြီး အမေရိကန်ဒေါ်လာငွေကြေးနဲ့သာ ငွေပေးချေဖို့ သတ်မှတ်ခဲ့တာကြောင့် အဆိုပါသီးနှံ အရောင်းအ၀ယ် စျေးကွက်အတွင်းမှာ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

ပို့ကုန်ရငွေကို ဒေါ်လာနဲ့ ပေးချေဖို့သတ်မှတ်ထားပေမဲ့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ တရား၀င် ငွေလဲနှုန်းထားက တဒေါ်လာကို ကျပ်  ၁၈၅၀ သာရှိချိန်မှာ ပြင်ပငွေလဲနှုန်းက ကျပ် ၂၀၀၀ အထက်မှာ ဖြစ်နေတာကြောင့် ငွေလဲနှုန်း ကွာဟချက်က စျေးကွက်ကို ရုတ်ခတ်မှု ရှိလာတာလို့ ကုန်သည်လုပ်ငန်းရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

ဒါ့အပြင် ပို့ကုန်တန်ဖိုးကို ကြိုတင်ငွေလွဲစနစ် (TT)စနစ်နဲ့သာ စိစစ်ပြီး ငွေလွှဲ ဝင်ရောက်မှသာ ကြိုတင်ရရှိပြီးမှ လိုင်စင်ခွင့်ပြုထုတ်ပေးဖို့ကိုလည်း ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားထားပြန်ပါတယ်။

လတ်တလောမှာတော့ အဓိက  ပို့ကုန်သီးနှံတွေဖြစ်တဲ့ မတ်ပဲနဲ့ ပြောင်းသီးနှံ စျေးနှုန်းတွေ ပြန်လည်ကျဆင်းလာနေပါတယ်။

13 hours Ago

၃ လအတွင်း ပဲမျိုးစုံပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၇၀ ဝန်းကျင်ရှိ

လက်ရှိဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ၃ လကျော်ကာလအတွင်း ပြည်ပကို ပဲမျိုးစုံတန်ချိန် ၅ သိန်းဝန်းကျင် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၇၀ ဝန်းကျင်ရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။

ပင်လယ်ရေကြောင်းကနေ တင်ပို့မှုက ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး နယ်စပ်လမ်းကြောင်းက တဆင့် တင်ပို့မှုက ၃၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

စီးပွားကူးသန်းဌာနရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ကုန်သွယ်မှုစာရင်းတွေအရ ၃ လအတွင်း  ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတင်ပို့မှုက တန်ချိန် ၃၆၀,၀၀၀ ကျော်ရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၄ သန်းကျော် ရရှိထားပါတယ်။

နယ်စပ်ကနေ တင်ပို့မှုကတော့ တန်ချိန် ၁၃၀,၀၀၀ ဝန်းကျင်ရှိပြီး အဲဒီကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် ရရှိထားတာပါ။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးသီးနှံတွေထဲမှာ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုက ဒုတိယအများဆုံး ဖြစ်ပါတယ်။ ပြည်တွင်း စိုက်ပျိုးမြေဧရိယာ ၂၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးထုတ်လုပ်နေတာဖြစ်ပြီး အဲဒီထဲမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံတို့က အဓိက အများဆုံးဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ် ၃ လအတွင်းမှာ ပဲတီစိမ်းတန်ချိန် ၂၄၀,၀၀၀ ကျော် တင်ပို့ထားပြီး မတ်ပဲ တန်ချိန် ၉၀,၀၀၀ ကျော် တင်ပို့ထားပါတယ်။ ပဲစဉ်းငုံတန်ချိန် ၇,၀၀၀ ကျော် တင်ပို့ထားပြီး မြေထောက်ပဲ တင်ပို့မှုက တန်ချိန် ၃၇,၀၀၀ ကျော်၊ ပဲယင်းက တန်ချိန် ၂၀,၀၀၀ ကျော်၊ ထောပတ်ပဲ တန်ချိန် ၂၀,၀၀၀ ကျော်၊ ကုလားပဲက တန်ချိန် ၁၆,၀၀၀ ကျော်နဲ့ ပဲလွန်းဖြူ တန်ချိန် ၁၆,၀၀၀ ကျော် စသဖြင့် အသီးသီး တင်ပို့ထားပါတယ်။

ဒါ့အပြင် ပဲကြီးတင်ပို့မှု တန်ချိန် ၆,၀၀၀ ကျော်၊ ပဲကတ္တီပါ တန်ချိန် ၂,၀၀၀ ကျော်၊ စွန်တာပြာ တန်ချိန် ၃၇၀ ကျော်၊ ပဲဖြူလေး တန်ချိန် ၂၃၀ ကျော်၊ ဘိုကိတ်ပဲ တန်ချိန် ၄,၇၀၀ ကျော်၊ ပဲပုတ်စေ့ ၆၆ တန်၊ ပဲနီကြား တန်ချိန် ၄,၅၀၀ ကျော်၊ နိုင်လွန်ပဲ တန်ချိန် ၆၀၀ ကျော်၊ မြေပဲ(အခွံပါ) တန်ချိန် ၁၀၀ ကျော်၊ မြေပဲဆံ တန်ချိန် ၅,၄၀၀ ကျော်နဲ့ အခြားပဲ တန်ချိန် ၉၀၀ ကျော်တို့ကိုလည်း အသီးသီးတင်ပို့ထားပါတယ်။

မြန်မာ့ပဲမျိုးစုံကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ဝယ်ယူတင်သွင်းမှု အများဆုံးဖြစ်ပါတယ်။

17 hours Ago

June 23, 2022

၂ လကျော်အတွင်း ပဲမျိုးစုံတန်ချိန် ၃ သိန်း ၉ သောင်းကျော် တင်ပို့ထား

အခုဘဏ္ဍာနှစ် ၂ လကျော် ကာလအတွင်း ပြည်ပကို ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၃ သိန်း ၉ သောင်း ကျော် တင်ပို့ထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှု စာရင်းတွေအရ   သိရပါတယ်။

အခုဘဏ္ဍာနှစ်အတွင်း ပြည်ပ ပဲမျိုးစုံတင်ပို့မှုမှာ ပင်လယ်ရေကြောင်းကနေ တင်ပို့မှုက တန်ချိန် ၃ သိန်းကျော်ထိရှိပြီး စုစုပေါင်း တင်ပို့မူရဲ့ ၈၀ ရာခိုင်နှုန်း ဝန်းကျင်ထိရှိပါတယ်။ နယ်စပ်လမ်းကြောင်းကနေ တင်ပို့တဲ့ ပမာဏကတော့ တန်ချိန် ၈ သောင်းကျော်သာရှိပြီး ရာခိုင်နှုန်းအနေနဲ့  ၂၀ ရာခိုင်နှုန်းသာရှိပါတယ်။

အဲဒီ ၂ လကျော်အတွင်း ပဲမျိုးစုံတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉၆ သန်းကျော် ရရှိထားတယ်လို့ အဲဒီဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ်အတွင်းမှာ ပဲတီစိမ်းကို အများဆုံးတင်ပို့ထားတာဖြစ်ပြီး တန်ချိန် ၁ သိန်း ၉ သောင်းကျော်အထိ ရှိပါတယ်။ မတ်ပဲတင်ပို့မှုက တန်ချိန် ၇ သောင်းကျော်နဲ့ ပဲစဉ်းငုံတင်ပို့မှုကတော့ တန်ချိန် ၆ ထောင်ကျော် ရှိတယ်လို့ စီးပွား/ကူးသန်းရဲ့ စာရင်း အချက်အလက်တွေအရ သိရပါတယ်။

အခြားပို့ကုန်ပဲတွေဖြစ်တဲ့  မြေထောက်ပဲ တင်ပို့မှုက တန်ချိန် ၃ သောင်း ၃ ထောင် ကျော်၊ ပဲယင်း က တန်ချိန် ၂ သောင်းဝန်းကျင်၊ ထောပတ်ပဲက တန်ချိန် ၁ သောင်းခွဲကျော်၊ ကုလားပဲက တန်ချိန် ၁ သောင်း ၃ ထောင်ကျော်နဲ့ ပဲလွန်းဖြူ တန်ချိန် ၁ သောင်း ၃ ထောင်ကျော် အသီးသီးတင်ပို့မှု ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကစိုက်ပျိုးသီးနှံတွေထဲမှာ ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုက ဒုတိယအများဆုံးဖြစ်ပါတယ်။ ပြည်တွင်း စိုက်ပျိုးမြေဧရိယာ ၂၀ ရာခိုင်နှုန်းမှာ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံတို့ကို အဓိက အများဆုံးစိုက်ပျိုးပါတယ်။

ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနဲ့ အခြားပဲမျိုးစုံကိုလည်း စိုက်ပျိုးထုတ်လုပ်နေပေမဲ့ အဆိုပါ ပဲသုံးမျိုး  စိုက်ပျိုးမှုက  ၇၂ ရာခိုင်နှုန်းထိ ရှိပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံကနေ ပဲမျိုးစုံဝယ်ယူတင်သွင်းမှု အများဆုံးဖြစ်ပြီး အိန္ဒိယအစိုးရက အခုနှစ်မှာ မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းအပါအဝင် သူ့နိုင်ငံထွက်မိုးသီးနှံတွေရဲ့ အနိမ့်ဆုံးနှုန်းထားကို တိုးပေးကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ ဒီအတွက် ပြည်တွင်းမတ်ပဲဈေးတွေ မြင့်တက်နေပြီး လက်ရှိမှာ မတ်ပဲတတန်ကို ကျပ် ၁၆သိန်း ကျော်အထိ ရှိနေပါတယ်။

3 weeks Ago
Up