ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းပို့ကုန်လိုင်စင်အတွက် ထောက်ခံချက် ယူရမည်ဟု စစ်ကောင်စီညွှန်ကြားပြန်

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနဲ့ မြေပဲဆန် ပြည်ပတင်ပို့ခွင့်လျှောက်ထားမှုတွေအတွက် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်းက ထောက်ခံချက် စိစစ်ထုတ်ပေးရမယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်း၀န်ကြီးဌာနက ညွှန်ကြားထားပါတယ်။
ဇူလိုင် ၁၃ ရက်နေ့ ရက်စွဲနဲ့ ထွက်ပေါ်လာတဲ့ ညွှန်ကြားစာအရ လျှောက်ထားလာတဲ့ ပို့ကုန်လိုင်စင် တစောင်ချင်းအပေါ် စိစစ်ပြီး ထောက်ခံချက် ထုတ်ပေးဖို့အတွက် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များ အသင်းကို အဆိုပါဌာနက အကြောင်းကြားထားတာဖြစ်ပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနအနေနဲ့ ပြည်ပနိုင်ငံတွေဆီ နယ်စပ်၊ ပင်လယ် ရေကြောင်းတို့ကနေ ပဲမျိုးစုံ၊ပြောင်းနဲ့ ဆီထွက်သီးနှံတွေ တင်ပို့ရာမှာ အခုလ ၁ ရက်က စတင်ပြီး အမေရိကန်ဒေါ်လာငွေကြေးနဲ့ သာ ပို့ကုန်လိုင်စင်တွေကို ခွင့်ပြုထုတ်ပေးနေတာ ဖြစ်ပါတယ်။
အရင်က နယ်စပ်ကုန်သွယ်ရေးမှာ အဆိုပါ ပို့ကုန်သီးနှံတွေအတွက် ပို့ကုန်ရငွေကို ကျပ်ငွေနဲ့ ဘတ်၊ ကျပ်ငွေနဲ့ ယွမ်တိုက်ရိုက် ပေးချေမှုနဲ့ ခွင့်ပြုခဲ့ရာကနေ ဇူလိုင် တရက်က စတင်ပြီး အမေရိကန်ဒေါ်လာငွေကြေးနဲ့သာ ငွေပေးချေဖို့ သတ်မှတ်ခဲ့တာကြောင့် အဆိုပါသီးနှံ အရောင်းအ၀ယ် စျေးကွက်အတွင်းမှာ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
ပို့ကုန်ရငွေကို ဒေါ်လာနဲ့ ပေးချေဖို့သတ်မှတ်ထားပေမဲ့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ တရား၀င် ငွေလဲနှုန်းထားက တဒေါ်လာကို ကျပ် ၁၈၅၀ သာရှိချိန်မှာ ပြင်ပငွေလဲနှုန်းက ကျပ် ၂၀၀၀ အထက်မှာ ဖြစ်နေတာကြောင့် ငွေလဲနှုန်း ကွာဟချက်က စျေးကွက်ကို ရုတ်ခတ်မှု ရှိလာတာလို့ ကုန်သည်လုပ်ငန်းရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။
ဒါ့အပြင် ပို့ကုန်တန်ဖိုးကို ကြိုတင်ငွေလွဲစနစ် (TT)စနစ်နဲ့သာ စိစစ်ပြီး ငွေလွှဲ ဝင်ရောက်မှသာ ကြိုတင်ရရှိပြီးမှ လိုင်စင်ခွင့်ပြုထုတ်ပေးဖို့ကိုလည်း ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားထားပြန်ပါတယ်။
လတ်တလောမှာတော့ အဓိက ပို့ကုန်သီးနှံတွေဖြစ်တဲ့ မတ်ပဲနဲ့ ပြောင်းသီးနှံ စျေးနှုန်းတွေ ပြန်လည်ကျဆင်းလာနေပါတယ်။