ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့သစ်ကြီးကျေးရွာကျောင်းတိုက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥတ္တမ သက်တော် ၇၂ နှစ်၊ သိက္ခာတော် ၅၂ ဝါရှိ B.A (Hist,) ဟာ မန္တလေးမြို့ မြို့တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း မေ ၁၇ ရက် ည ၁၁း၄၅ အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူသွားတယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။
"ဆရာတော် ပျံလွန်တော်မူသွားတာ ဟုတ်တယ်။ ဆရာတော်က အေးဆေးတည်ငြိမ်တယ်။ လူသားအကျိုးပြု လုပ်ငန်းတွေရော၊ ဘာသာရေးမှာရော အားထားရတဲ့ ဆရာတော်တပါး ဖြစ်တာမို့ ဝမ်းနည်းကြေကွဲနေရပါတယ်" လို့ ဆရာတော်ရဲ့ ဒကာတဦးက ပြောပါတယ်။
ဆရာတော်ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလာပ်တော်ကို မန္တလေးမြို့ လူမှုကူညီရေးအသင်း၊ မိုးကောင်းမြို့ ရင်ငြိမ်းပန်း လူမှုကူညီရေးအသင်းနဲ့ နမ္မတီးမြို့ ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်းတို့မှ မော်တော်ယာဉ်တွေနဲ့ အဆင့်ဆင့် ပင့်ဆောင်လာပြီး ဆရာတော် သီတင်းသုံးနေထိုင်ရာ သစ္စာဝါဒီကျောင်းတိုက်ကို ညနေ ၅ နာရီတိတိမှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ဟာ မိုးကောင်းမြို့နယ်အတွင်းက စာသင်ကျောင်းတချို့မှာ စာသင်ခုံတွေ လှူဒါန်းတာ၊ နမ္မတီးမြို့ရှိ ကြိုးတံတားတွေကို ဦးဆောင်ပြုပြင်တာ၊ ကလေးတွေကို ယဉ်ကျေးလိမ္မာ သင်ကြားပေးတဲ့ သြဝါဒဆရာတော် ဖြစ်တာ စတဲ့ လူအများနဲ့ဆိုင်တဲ့ ကုသိုလ်ရေးတွေ၊ လူသားအကျိုးပြု လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
နိဗ္ဗာန်စံကျောင်းတော်ကို မြစ်ဖျားဧရာ သိမ်ကျောင်းမှာ ထားရှိမှာဖြစ်ပြီး အန္တိမအဂ္ဂိပူဇာ ဈာပနအခမ်းအနားကို ၂၀၂၂ ဇွန်လမှာ ကျင်းပမယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ထင်ရှားတဲ့ မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ဩဂုတ် ၂၆ ရက် မွန်းတည့် ၁၂နာရီမထိုးမီအချိန်က ပျံလွန်တော်မူသွားပါတယ်။
တာချီလိတ်မြို့နယ်၊ တာလေမြို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုမှာရှိတဲ့ ဓာတ်စွမ်စိုင့်ဟိုနမ့်တောရ ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်ရဲ့ မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဘရာဇာခူး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလကို ဩဂုတ် ၂၄ ရက်က ကျန်းမာရေးစစ်ဆေးကြည့်ရာမှာ ကိုဗစ်-၁၉ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ပြီးနောက် ကျိုင်းတုံမြို့က စစ်ဆေးရုံကို ပင့်ဆောင်ကုသစဉ်မှာ ပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်။
ဆရာတော်ကြီးဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၅၉ နှစ်၊ ဝါတော် ၃၀ ရှိနေပြီ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးဟာ တာချီလိတ်ခရိုင်အတွင်းမှာရှိတဲ့ မိုင်းယောင်းမြို့နယ် (၁၇)မိုင် ဓမ္မဂမ္ဘီရသာသနာ့စွမ်ဟိန်းလှိုင်ဂူတော်မှာ တရားအားထုတ်တာ၊ ဝါတွင်းကာလ တရားတော် ဟောကြားတော်မူခဲ့ပြီး သာသနာပြုနေတာ ၁၅ လကျော်ပြီ ဖြစ်ပါတယ်။
ဆရာတော်ဘုရာကြီးရဲ့ အန္တိမအဂ္ဂိ ဈာပနာကို ကျင်းပမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ကျိုင်းတုံမြို့မှာ ဆွေးနွေးတိုင်ပင်နေတယ်လို့ သိရပါတယ်။