သေနတ်နဲ့ ခြိမ်းခြောက်ငွေညှစ်ခံရမှုကြောင့် ကစားသမားဘဝကို ထိခိုက်စေခဲ့ကြောင်း ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက ပြောပါတယ်။
ပေါ့ဘာဟာ ၂၀၂၂ ခုနှစ် မတ်လ ၁၉ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့က တိုက်ခန်းမှာ လူတဦးက သေနတ်နဲ့ထောက်ပြီး ယူရို ၁၃ သန်းပေးဖို့ တောင်းဆိုခံခဲ့ရတာပါ။
ဖက်ရှင်ပြပွဲတခုမှာ အသက်အန္တရာယ်ရှိနေတဲ့ ပေါ့ဘာကို ကာကွယ်စောင့်ရှောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပေါင် ၁၁ သန်းပေးဖို့ ပေါ့ဘာဆီက တောင်းဆိုခဲ့တာပါ။
ဒါပေမဲ့ ပေါ့ဘာက ယူရို ၁ သိန်းသာ ထုတ်ပေးခဲ့ပြီး ရဲတပ်ဖွဲ့ဆီ တိုင်ကြားခဲ့တာပါ။ အဲဒီအမှုဟာ ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ မက်သီးယက်စ်ပေါ့ဘာလည်း ပါဝင်တယ်လို့ စွပ်စွဲခံရပြီး အချုပ်သုံးလ ကျခဲ့ပါတယ်။
အဲဒီလိုအမှုဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် ကြီးမားတဲ့ထိခိုက်မှုတွေ ရှိစေခဲ့ပြီး ကစားသမားဘဝကို ထိခိုက်စေခဲ့ကြောင်း ပေါ့ဘာက ပြောခဲ့တာပါ။
ပေါ့ဘာဟာ ဒဏ်ရာပြဿနာတွေကြောင့် ဂျူဗင်တပ်အတွက် မိနစ်အနည်းငယ်စီနဲ့ ၄ ပွဲသာ ပါဝင်ကစားထားပါတယ်။
ပြင်သစ်ကွင်းလယ်ကစားသမား ကွန်တေဟာ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသခဲ့လို့ ၄ လကြာ အနားယူရမှာဖြစ်ပြီး လာမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မှာပါ။
ချဲလ်ဆီးကွင်းလယ်လူ ကွန်တေဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်က စပါးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး အဆုံးသတ်မှာတော့ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတာပါ။
၄ လ အနားယူရမှာဖြစ်လို့ လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ စတင်မယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလား ဘောလုံးပွဲကို လွဲချော်ဖို့ သေချာစေခဲ့တာပါ။
ကွန်တေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူပါ။ ကွန်တေရဲ့ တံကောက်ကြောဒဏ်ရာခွဲစိတ်ကုသမှုဟာ အောင်မြင်ခဲ့ပြီး ၄ လလောက် အနားယူရ မှာဖြစ်ကြောင်း ချဲလ်ဆီးအသင်းကလည်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။