ကမ္ဘာတဝန်းက လူအများစုက အာဂျင်တီးနားနဲ့ မက်ဆီကို ချန်ပီယံဖြစ်စေချင်ကြတဲ့အပေါ် ကိစ္စ မရှိကြောင်း ပြင်သစ်နည်းပြ ဒက်ရွှန့်စ်က ပြောပါတယ်။
လူအများစုက မက်ဆီကို ချန်ပီယံ ဖြစ်စေချင်ကြတဲ့အတွက် ကမ္ဘာကြီးထဲမှာ သူတစ်ယောက်ထဲ ဖြစ်နေတယ်လို့ ခံစားရပေမဲ့ စိတ်အနှောင့်အယှက်မဖြစ်စေကြောင်း နည်းပြ ဒက်ရွှန့်စ်က ဆိုပါတယ်။
“အာဂျင်တီးနားပရိသတ်တွေနဲ့ ကမ္ဘာတဝန်းက လူအတော်များများအပါအဝင် ပြင်သစ်က လူတချို့ကပါ လီယွန်နယ်မက်ဆီကို ကမ္ဘာ့ချန်ပီယံ ဖြစ်စေချင်ကြတာ သိပါတယ်။ ဒါပေမဲ့ကျနော်တို့ ရည်မှန်းချက်တွေအောင်မြင်မှုရဖို့ အစွမ်းကုန်လုပ်ဆောင်သွားမှာဖြစ်တယ်။ မက်ဆီကို ချန်ပီယံဖြစ်စေချင်တဲ့သူများတာကြောင့် တခါတလေမှာ ကျနော် တယောက်တည်းပဲရှိတယ်လို့ ခံစားရတတ်ပေမဲ့ အဆင်ပြေပါတယ်” လို့ ပြင်သစ်နည်းပြ ဒက်ရွှန့်စ်ကပြောပါတယ်။
ပြင်သစ်အသင်းမှာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗာရန်းနဲ့ ကိုနာတေးတို့က တုတ်ကွေးလက္ခဏာ တွေ ခံစားနေရလို့ ဗိုလ်လုပွဲမှာပါဝင်ဖို့ မသေချာဘဲဖြစ်ခဲ့ရပေမယ့် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။
လက်ရှိကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းရဲ့ လူစာရင်းမှာ ဒဏ်ရာပြဿနာကြောင့် ကစားသမားတွေ အစုံအလင် ပါဝင်နိုင်ခြင်းမရှိပေမဲ့ ရှိတဲ့ ကစားသမားတွေအပေါ် ယုံကြည်ကြောင်း နည်းပြဒတ်ရွှန့်က ပြောပါတယ်။
လက်ရှိကမ္ဘာ့ချန်ပီယံအသင်းမှာ အားထားရတဲ့တိုက်စစ်မှူးဘင်ဇီမာနဲ့ လိုက်ဇစ်မှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်ကစားသမား အမ်ကမ်ကူတို့က ဒဏ်ရာပြဿနာတွေကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာပါ။
အလားတူ ပေါ့ဘာ၊ ကန်တေ၊ ကင်ပမ်ဘီတို့လို အမာခံကစားသမားတွေဟာလည်း ဒဏ်ရာကြောင့် ရွေးချယ်နိုင်ခြင်းမရှိခဲ့ပါဘူး။
အဲဒီအပေါ်မှာ နည်းပြ ဒတ်ရွှန့်ကတော့ စိုးရိမ်စရာမရှိကြောင်းနဲ့ အသင်းမှာ ဦးဆောင်နိုင်တဲ့က စားသမားတွေရှိပြီး ဖြစ်နိုင်သမျှ အရာအားလုံးကိုလည်းပြင်ဆင်ထားပြီး ဖြစ်တယ်လို့ နည်းပြ ဒတ်ရွှန့်ကပြောပါတယ်။
အခုနှစ်ကမ္ဘာ့ဖလားမှာ ကစားသမား ၂၅ ဦးအထိ ခေါ်ယူခွင့်ရှိတာကြောင့် ကြုံလာသမျှ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ရှိတဲ့ကစားသမားတွေနဲ့ ဖြေရှင်းနိုင် စွမ်းရှိကြောင်း နည်းပြဒတ်ရွှန့်စ်က ပြောသွားပါတယ်။