နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ထပ်တိုးချမှတ်လိုက်တဲ့အပေါ် ပြင်သစ်နိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။
ဒါဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအပေါ် သိက္ခာချဖို့ ရည်ရွယ်တဲ့မတရားတဲ့ တရားစီရင်မှုတွေဖြစ်ပြီး ဒီစီရင်ချက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ပြတ်ပြတ်သားသား ထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို မထီမဲ့မြင်ပြုခြင်းရဲ့ နောက်ထပ် အရိပ်အယောင်တခု ဖြစ်တယ်လို့လည်းဖော်ပြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုကို နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ခံထားရပြီး သမ္မတ ဦးဝင်းမြင့်ကတော့ အမှု ၈ မှုနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီမိုကရက်တစ် အတိုက်အခံတွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သမိုင်းဝင် နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့လည်း ပြင်သစ်နိုင်ငံရဲ့ ကတိကဝတ်ကို ထပ်လောင်းပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ တောင်းဆိုခဲ့တဲ့အတိုင်း မြန်မာစစ်အုပ်စု လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင့်ထက်စီးနင်း ဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ပြင်သစ်က ထပ်မံတောင်းဆိုထားပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ အာဆီယံရဲ့ အထူးသံတမန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက်ခံတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို တရားမဝင်စစ်အစိုးရလို့ ပြင်သစ်နိုင်ငံက သုံးနှုန်းလိုက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လူလေးယောက်ကို ကွပ်မျက်ဖို့ ဆုံးဖြတ်ကြောင်းစစ်ကောင်စီက ကြေညာခဲ့တာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဇွန် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုအတွက် ခုခံကာကွယ်သူတွေကို နောက်တစ်ကြိမ် ထပ်ပြီး ပစ်မှတ်ထားဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။
နိုင်ငံအတွင်း သေဒဏ်ပေးမှုနဲ့ပတ်သက်ပြီး အနှစ် ၃၀ ကျော် ဆိုင်းငံ့ထားတာကို ဖောက်ဖျက်တာဟာ ကြီးမားတဲ့ ဆုတ်ယုတ်မှုတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ခုံရုံးတွေက သေဒဏ် ၁၁၃ မှုကို နိုင်ထက်စီးနင်း ချမှတ်ခဲ့တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်နိုင်ငံဟာ နေရာတိုင်းနဲ့ အခြေအနေအရပ်ရပ်မှာ သေဒဏ်ကို အဆက်မပြတ် ဆန့်ကျင်ပြီး နိုင်ထက်စီးနင်းဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ စစ်တပ်ကကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ သက်ဆိုင်သူအားလုံး အပါအဝင် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေဖေါ်ဆောင်ဖို့ထပ်မံတောင်းဆိုတယ်လို့ဆိုပါတယ်။
ဒါ့အပြင် တရားမ၀င်တဲ့ စစ်အစိုးရက ကျင့်သုံးနေတဲ့ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေတဲ့ မြန်မာလူမျိုးတွေကို ပြင်သစ်က လေးစားပြီး ဆက်လက် ထောက်ခံသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ (ခ) ဦးကျော်မင်းယုနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ အပေါ်ချမှတ်ထားတဲ့ သေဒဏ်ကို အတည်ပြုဆုံးဖြတ်လိုက်တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောကြားထားတာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ပြင်သစ် စတဲ့နိုင်ငံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချထားပါတယ်။
စစ်ကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့လိုပြီး၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားဖို့ လိုတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကရဲ့ ပြောခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောပါတယ်။
ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်နှစ်ယောက်ကို သေဒဏ်ပေးဖို့ စစ်ကောင်စီက ဆုံးဖြတ်လိုက်တာဟာ ပြည်သူတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပိုပြိး ကြီးထွားစေလိမ့်မယ်။ ယမ်းပုံမီးကျ ဖြစ်လိမ့်မယ်။ အာဏာသိမ်း စစ်ကောင်စီဟာလည်း အာရှမှာ အဆိုးဆုံး လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပုံရိပ်ကို ခိုင်မာစေလိမ့်မယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) အဖွဲ့ကပြောပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) ကလည်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ နှစ်ယောက်ကို စစ်ကောင်စီက သေဒဏ်ပေးဖို့ ကြံစည်နေတာကို ချက်ခြင်း ဖျက်သိမ်းဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီကိစ္စမှာ ကြားဝင်ဟန့်တားဖို့ တောင်းဆိုလိုက်ပါတယ်။
Photo- France Birmanie