close

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်မှု ပြင်သစ်နိုင်ငံက ပြင်းပြင်းထန်ထန်ရှုတ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ထပ်တိုးချမှတ်လိုက်တဲ့အပေါ် ပြင်သစ်နိုင်ငံအနေနဲ့  ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ဒါဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအပေါ် သိက္ခာချဖို့ ရည်ရွယ်တဲ့မတရားတဲ့ တရားစီရင်မှုတွေဖြစ်ပြီး ဒီစီရင်ချက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ပြတ်ပြတ်သားသား ထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို မထီမဲ့မြင်ပြုခြင်းရဲ့ နောက်ထပ် အရိပ်အယောင်တခု ဖြစ်တယ်လို့လည်းဖော်ပြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုကို နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ခံထားရပြီး သမ္မတ ဦးဝင်းမြင့်ကတော့ အမှု ၈ မှုနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရက်တစ် အတိုက်အခံတွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သမိုင်းဝင် နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့လည်း ပြင်သစ်နိုင်ငံရဲ့ ကတိကဝတ်ကို ထပ်လောင်းပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ တောင်းဆိုခဲ့တဲ့အတိုင်း မြန်မာစစ်အုပ်စု လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင့်ထက်စီးနင်း ဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ပြင်သစ်က ထပ်မံတောင်းဆိုထားပါတယ်။

ပြင်သစ်နိုင်ငံအနေနဲ့ အာဆီယံရဲ့ အထူးသံတမန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက်ခံတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up