close

ပြည်ပတင်ပို့

close

May 9, 2022

ဧပြီလအတွင်း မြန်မာ့ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ သိန်းခွဲကျော် ပြည်ပတင်ပို့နိုင်

ပြည်ပဝယ်လိုအားကြောင့် မြန်မာ့ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု ဆက်လက်အားကောင်းနေပြီး ဧပြီလမှာ  ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သိန်းခွဲကျော်တင်ပို့နိုင်ခဲ့တယ်လို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လစဉ်ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

ဆန်တန်ချိန် ၁၄၄,၀၀၀ ကျော်၊ ဆန်ကွဲတန်ချိန် ၁၀၆၀၀၀ကျော်နဲ့  စုစုပေါင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂၅၀၀၀၀ ကျော်ကို ကုမ္ပဏီ ၃၅ ခုကနေ တင်ပို့ခဲ့တာပါ။

တရုတ်၊ ကင်မရွန်း၊ ဘယ်လ်ဂျီယံ၊ စပိန်၊ အမ်ဂိုလာ၊ နယ်သာလန်၊ ဖိလစ်ပိုင်နဲ့ ပိုလန်နိုင်ငံတွေကို ပင်လယ်ရေကြောင်းကနေ အဓိက တင်ပို့ရောင်းချခဲ့တာ ဖြစ်ပြီး အရင်လတွေက တင်ပို့မှုနဲ့ယှဉ်ရင် ဧပြီလမှာ တိုးတက်မှု ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ တင်ပို့မှုစာရင်းကို  ပြန်ကြည့်ရင်  မတ်လပိုင်းမှာ  တန်ချိန် ၁၃၃၉၇၂ တန်၊ ဖေဖော်ဝါရီလမှာ  တန်ချိန် ၂၁၄၃၃၅ တန်သာ  တင်ပို့မှုရှိခဲ့တာပါ။

လတ်တလော ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းတွေ စံချိန်တင် မြင့်တက်နေပြီး၊ နိုင်ငံတကာမှာ ဆန်နဲ့ ဆန်ကွဲ ဝယ်လိုအား မြင့်တက်လာပါတယ်။

မြန်မာ့ဆန်ကိုလည်း ဝယ်ယူနေကျ နိုင်ငံတွေအပြင် တခြား နိုင်ငံသစ်၊ စျေးကွက်သစ်တချို့ကို တိုးချဲ့တင်ပို့လာနိုင်ပေမဲ့ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု စရိတ်၊ သင်္ဘောတင်စရိတ် မြင့်တက်မှုတွေက စိန်ခေါ်မှု ဖြစ်နေပြန်ပါတယ်။

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် လောင်စာဆီနဲ့ ဓာတ်မြေဩဇာစျေးတွေ မြင့်တက်လာမှုက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့လယ်ယာထွက်ကုန်အပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့  ပညာရှင်တွေက မှတ်ချက်ပြုထားကြပါတယ်။

လတ်တလောမှာလည်း မြန်မာ့စိုက်ပျိုးတောင်သူတွေအနေနဲ့ လောင်စာဆီစျေး၊  ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းတွေ အဆမတန် ကြီးမြင့်တဲ့ဒဏ်ကို ခံနေကြရတာပါ။

တောင်သူတချို့က စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချခဲ့ကြပြီး၊  တချို့က ဓာတ်မြေဩဇာ ထည့်သွင်းအသုံးပြုမှုကို လျှော့ချခဲ့ကြပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ စိုက်ပျိုးရေးထွက်ကုန်တွေ အထွက်နှုန်း လျော့ကျခဲ့ပါတယ်။

နိုင်ငံတကာမှာ ဆန်ဝယ်လိုအား ကြီးမားလာချိန် ဆန်အဓိက တင်ပို့နေတဲ့ မြန်မာနိုင်ငံက လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း  ပြည်ပကို ဆန်တန်ချိန် ၂ သန်းတင်ပို့နိုင်ဖို့ ရည်မှန်းထားတယ်လို့  သိရပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ်မှာတော့  ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။

လက်ရှိက မြန်မာနိုင်ငံမှာ နွေးစပါးပေါ်ချိန်ဖြစ်ပေမဲ့ အထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေ၊ အဆမတန်မြင့်တက်နေတဲ့ စိုက်ပျိုးထုတ်လုပ်မှု စရိတ်စက၊ လျှပ်စစ်မီး ပုံမှန်မရလို့  ဆန်စက်တွေကို ဒီဇယ်ဆီအသုံးပြုပြီး လည်ပတ်နေရတာ အဲဒီအချက်တွေကြောင့်  ဆန်၊ စပါးစျေးတွေ မြင့်တက်နေပါတယ်။

21 mins Ago

July 4, 2020

အော်ဂဲနစ်နာနတ်သီး ပြည်ပတင်ပို့ရန် ပိုးမွှားကင်းကြောင်း ထောက်ခံချက်လုပ်ရာတွင် အခက်ကြုံနေ

ဓာတုဆေး မသုံးတဲ့ organic နာနတ်သီးတွေကို ပြည်တွင်းစားသုံးသူတွေအနေနဲ့ ပိုမိုကြိုက်နှစ်သက်လာကြပြီး ပြည်ပတင်ပို့နိုင်ရေး ရောဂါပိုးမွှား ကင်းရှင်းကြောင်း ထောက်ခံချက် လုပ်ဆောင်ဖို့ အခက်အခဲ ကြုံနေတယ်လို့ နာနတ်စိုက်တောင်သူတွေက ပြောပါတယ်။ Organic အသီးဟာ ဓာတုဆေးသုံးစွဲပြီး စိုက်ပျိုးတဲ့အသီးတွေထက် အလုံးသေးပြီး အလေးချိန် နည်းကာ ဈေးပိုကြီးပေမယ့် အရသာပိုရှိတဲ့အပြင် ကြာရှည်အထားခံတာကြောင့် စားသုံးသူ ပိုမိုနှစ်သက်လာတာ ဖြစ်ပါတယ်။ လူကြိုက်များလာတာကြောင့် ပြီးခဲ့တဲ့နှစ်တွေထက် ၂၀၂၀ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်းခန့်အထိ ပိုမိုရောင်းချလာရတယ်လို့ ဆိုပါတယ်။ Organic နာနတ် စိုက်ပျိုးသူ ဦးထွန်းထွန်းညွန့်က  "ကိုဗစ် အပြီးကာလမှာပေါ့၊ နာနတ်သီးက antioxidants ကြွယ်ဝတဲ့အသီးဖြစ်တာမို့ စားသုံးမှုတော့မြင့်တက်လာပါတယ်။ ဒါပေမဲ့ ခရီးသွားလာမှု ကန့်သတ်ထားတဲ့အခြေအနေ သယ်ယူပို့ဆောင်မှုစရိတ်မြင့်မားတာနဲ့ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ အခုလောလောဆယ် အခြေအနေကတော့ ဒီ Mount Farm Pyinoolwin ကထွက်တဲ့ အသီးတွေကတော့ ပြည်တွင်းဈေးကွက်ကိုပဲ သွားနေပါသေးတယ်။ ပြည်ပဈေးကွက်ကို သွားဖို့ကကျတော့ အများကြီး ကြားထဲမှာ ခံနေတဲ့အဆင့်တွေ ရှိတဲ့အတွက် မပို့နိုင်သေးပါဘူး။ ကိုဗစ်မဖြစ်ခင်ကာလတုန်းကတော့ သူက စားသုံးသူဆီကို တိုက်ရိုက်သွားတဲ့စနစ်နဲ့ ရောင်းရပါတယ်။ အခု ကိုဗစ်ဖြစ်တဲ့ကာလမှာကျတော့ social distancing အတွက်ပေါ့လေ၊ delivery ကိုပဲ အားကိုးပြီး ရောင်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်" လို့ ပြောပါတယ်။ ဓာတုဆေးလွတ် သီးနှံတွေဟာ မြေကြီးမှာရှိတဲ့ ဓာတုအဆိပ် လုံးဝ မပါဝင်တာကြောင့် စားသုံးသူတွေအတွက် လုံခြုံစိတ်ချစွာ စားသုံးသင့်တဲ့ အစာဖြစ်တယ်လို့ ဆိုပါတယ်။  ကိုဗစ် မဖြစ်ခင်ကာလကတည်းက စားသုံးသူတွေဟာ ဓာတုဆေးလွတ် သီးနှံတွေကို စိတ်ဝင်စားနေတာဖြစ်ပြီး ကိုဗစ် ဖြစ်လာပြီးနောက်ပိုင်းမှာ ဓာတုဆေးလွတ် သီးနှံတွေဟာ သဘာဝဆန်ပြီး ဗီတာမင်စီ မြင့်မားတာကြောင့် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။ ဓာတုဆေးလွတ် သီးနှံတွေကို ပြည်ပအထိ တင်ပို့တဲ့အထိ မျှော်မှန်းထားပြီး နာနတ်သီးမှာ ရောဂါပိုးမွှား ကင်းရှင်းကြောင်း ထောက်ခံချက် လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိတာကြောင့် ပြည်ပကို မတင်ပို့နိုင်သေးဘူးလို့ ဦးထွန်းထွန်းညွန့်က ပြောပါတယ်။ နိုင်ငံတော် အနေနဲ့ Asian Standard ကို မှီးငြမ်းတဲ့ ဓာတုဆေးလွတ်စိုက်ပျိုးဖို့ စံချိန်တခု ရေးဆွဲခဲ့ပေမယ့် အချို့အချက်အလက်တွေဟာ မြန်မာတောင်သူတွေ လိုက်နာဖို့ ခက်ခဲတဲ့ အခြေအနေ ရှိတယ်လို့လည်း ဆိုပါတယ်။  ဓာတုဆေးလွတ် စိုက်ပျိုးထားတဲ့ နာနတ်သီးကို မန္တလေးနဲ့ ရန်ကုန်သို့ အဓိက တင်ပို့ရောင်းချပြီး ကိုဗစ်ကာလမှာ သယ်ယူပို့ဆောင်စရိတ်တွေ ပိုမြင့်လာတဲ့အတွက် စားသုံးသူတွေ သက်သာအောင် ဈေးလျှော့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။  ဓာတုဆေးလွတ်သီးနှံစိုက်ပျိုးဖို့အတွက် မြေဩဇာကို နွာနဲ့ဆိတ်ရဲ့ စွန့်ပစ်အညစ်အကြေးကို အခြေခံထုတ်လုပ် သုံးစွဲတာဖြစ်ပါတယ်။  မန္တလေးတိုင်းမှာ ပြင်ဦးလွင်မြို့နယ်၊ ဆင်လမ်းရွာက Mount Farm Pyinoolwin ခြံတခုသာ ဓာတုဆေးလွတ် နာနတ်သီး စိုက်ပျိုးရောက်ချနေတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
2 years Ago
Up