close

ဧပြီလအတွင်း မြန်မာ့ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ သိန်းခွဲကျော် ပြည်ပတင်ပို့နိုင်

ပြည်ပဝယ်လိုအားကြောင့် မြန်မာ့ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု ဆက်လက်အားကောင်းနေပြီး ဧပြီလမှာ  ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သိန်းခွဲကျော်တင်ပို့နိုင်ခဲ့တယ်လို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လစဉ်ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

ဆန်တန်ချိန် ၁၄၄,၀၀၀ ကျော်၊ ဆန်ကွဲတန်ချိန် ၁၀၆၀၀၀ကျော်နဲ့  စုစုပေါင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂၅၀၀၀၀ ကျော်ကို ကုမ္ပဏီ ၃၅ ခုကနေ တင်ပို့ခဲ့တာပါ။

တရုတ်၊ ကင်မရွန်း၊ ဘယ်လ်ဂျီယံ၊ စပိန်၊ အမ်ဂိုလာ၊ နယ်သာလန်၊ ဖိလစ်ပိုင်နဲ့ ပိုလန်နိုင်ငံတွေကို ပင်လယ်ရေကြောင်းကနေ အဓိက တင်ပို့ရောင်းချခဲ့တာ ဖြစ်ပြီး အရင်လတွေက တင်ပို့မှုနဲ့ယှဉ်ရင် ဧပြီလမှာ တိုးတက်မှု ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ တင်ပို့မှုစာရင်းကို  ပြန်ကြည့်ရင်  မတ်လပိုင်းမှာ  တန်ချိန် ၁၃၃၉၇၂ တန်၊ ဖေဖော်ဝါရီလမှာ  တန်ချိန် ၂၁၄၃၃၅ တန်သာ  တင်ပို့မှုရှိခဲ့တာပါ။

လတ်တလော ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းတွေ စံချိန်တင် မြင့်တက်နေပြီး၊ နိုင်ငံတကာမှာ ဆန်နဲ့ ဆန်ကွဲ ဝယ်လိုအား မြင့်တက်လာပါတယ်။

မြန်မာ့ဆန်ကိုလည်း ဝယ်ယူနေကျ နိုင်ငံတွေအပြင် တခြား နိုင်ငံသစ်၊ စျေးကွက်သစ်တချို့ကို တိုးချဲ့တင်ပို့လာနိုင်ပေမဲ့ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု စရိတ်၊ သင်္ဘောတင်စရိတ် မြင့်တက်မှုတွေက စိန်ခေါ်မှု ဖြစ်နေပြန်ပါတယ်။

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် လောင်စာဆီနဲ့ ဓာတ်မြေဩဇာစျေးတွေ မြင့်တက်လာမှုက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့လယ်ယာထွက်ကုန်အပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့  ပညာရှင်တွေက မှတ်ချက်ပြုထားကြပါတယ်။

လတ်တလောမှာလည်း မြန်မာ့စိုက်ပျိုးတောင်သူတွေအနေနဲ့ လောင်စာဆီစျေး၊  ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းတွေ အဆမတန် ကြီးမြင့်တဲ့ဒဏ်ကို ခံနေကြရတာပါ။

တောင်သူတချို့က စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချခဲ့ကြပြီး၊  တချို့က ဓာတ်မြေဩဇာ ထည့်သွင်းအသုံးပြုမှုကို လျှော့ချခဲ့ကြပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ စိုက်ပျိုးရေးထွက်ကုန်တွေ အထွက်နှုန်း လျော့ကျခဲ့ပါတယ်။

နိုင်ငံတကာမှာ ဆန်ဝယ်လိုအား ကြီးမားလာချိန် ဆန်အဓိက တင်ပို့နေတဲ့ မြန်မာနိုင်ငံက လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း  ပြည်ပကို ဆန်တန်ချိန် ၂ သန်းတင်ပို့နိုင်ဖို့ ရည်မှန်းထားတယ်လို့  သိရပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ်မှာတော့  ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။

လက်ရှိက မြန်မာနိုင်ငံမှာ နွေးစပါးပေါ်ချိန်ဖြစ်ပေမဲ့ အထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေ၊ အဆမတန်မြင့်တက်နေတဲ့ စိုက်ပျိုးထုတ်လုပ်မှု စရိတ်စက၊ လျှပ်စစ်မီး ပုံမှန်မရလို့  ဆန်စက်တွေကို ဒီဇယ်ဆီအသုံးပြုပြီး လည်ပတ်နေရတာ အဲဒီအချက်တွေကြောင့်  ဆန်၊ စပါးစျေးတွေ မြင့်တက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up