ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နိုင်ငံတကာလေဆိပ်ကနေ ပြည်ဝင်ခွင့်ငြင်းပယ်ခဲ့တဲ့ နိုင်ငံခြားသား ၂၀၀၀ ကျော်ရှိတယ်လို့ ထိုင်း လ.ဝ.က ရဲတပ်ဖွဲ့ ရဲချုပ် ဖတ်ဖုန်းဖိဖတ် ဆတ် ကျဖန်းက နိုဝင်ဘာ ၁၃ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဘန်ကောက်မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံ့ခေါင်းဆောင်တွေ၊ စီးပွားရေးပညာရှင်တွေ ပါဝင်တာကြောင့် လုံခြုံရေးကို အထူးတင်းကျပ်ဆောင်ရွက်နေပါတယ်။
လေဆိပ်ကနေ ငြင်းပယ်ခံရသူတွေဟာ လ.ဝ.က စည်းကမ်းချက်နဲ့ မညီညွတ်သူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၀ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်နေ့တွေအတွင်း ထိုင်းနိုင်ငံထဲမှာ ရာဇဝတ်မှုကျူးလွန်သူ၊ ဥပဒေနဲ့မညီညွတ်သူ နိုင်ငံခြားသား ၇၈၅ ဦး၊ တရားမဝင် ဝင်ရောက်နေထိုင်သူ ၁၂၄၉ ရှိတယ်လို့ ထိုင်းလဝကရဲတပ်ဖွဲ့ ရဲချုပ်က ပြောပါတယ်။
ပြည်တွင်းက ရာဇဝတ်မှုနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ အရေးကြီးတရားခံ ၂ ဦးရှိကြောင်း၊ ပထမ ၁ ဦးမှာ အင်တာပို (နိုင်ငံတကာရဲတပ်ဖွဲ့က) အလိုရှိနေတဲ့ နိုင်းလီ ဆိုသူ တရုတ်အမျိုးသားဖြစ်ကြောင်း၊ သူဟာ အပလီကေးရှင်းဖွင့်ပြီး အွန်လိုင်းကနေ တရုတ်နိုင်ငံသားချင်း ငွေလိမ်နေတဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး နစ်နာသူပေါင်း ၄ သိန်းကျော်ဆီက ထိုင်းဘတ်သန်းပေါင်း ၅၀ ကျော်လိမ်လည်ပြီး တိမ်းရှောင်နေတာကြောင့် တရုတ်နိုင်ငံဘက်က စောင့်ကြည့်ဖမ်းဆီးပေးဖို့ အကူအညီတောင်းထားတာလို့ ဆိုပါတယ်။
နောက် ၁ ဦးမှာ နိုင်းကျန်းဆိုသူ ထိုင်ဝမ်နိုင်ငံသားဖြစ်ပြီး ကော်လ်စင်တာဖွင့်ကာ ထိုင်ဝမ်နိုင်ငံသားတွေအပေါ် လိမ်လည်နေသူဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ်အတု ၃ အုပ် ကိုင်ဆောင်ကာ ထိုင်းနိုင်ငံမှာ လာရောက်ပုန်းရှောင်နေတာလို့ ဆိုပါတယ်။
ဒီမတိုင်ခင် ကုန်တိုက်ကြီးတခုရဲ့ ကားပါကင်မှာ အနီရောင်ဇိမ်ခံကား ၁ စီးတွေ့ပြီး လိုင်စင်သက်တမ်း ၃ နှစ်ကုန်တာတွေ့လို့ ယာဉ်ပိုင်ရှင်ကို စောင့်ကြပ်စစ်ဆေးရာက biometrices စနစ်နဲ့ တိုက်ကြည့်ပြီး ထိုင်ဝမ်ကအလိုရှိနေတဲ့သူ့ကို ဖမ်းမိတာလို့ လဝကရဲချုပ်က ပြောသွားပါတယ်။
APEC အစည်းအဝေးကာလအတွင်း ဘန်ကောက်၊ နွန်ထပူရီ နဲ့ စမွတ်ပရကန် ခရိုင် ၃ ခုထဲမှာ အထူးအနေနဲ့ အစိုးရရုံးပိတ်ရက်ကာလသတ်မှတ်ပြီး ရုံးတွေ၊ စာသင်ကျောင်းတွေ ပိတ်ထားပါတယ်။ အစည်းဝေးကျင်းပတဲ့ နယ်မြေရှိ ရာ့ချ်ဒါးဖိဆစ်လမ်းနဲ့ ဒုန်ဖိထပ်လမ်းကို ပိတ်ထားသလို ကျောက်ဖရားမြစ် ရေကြောင်းလမ်းလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘန်ကောက်နယ်မြေတခုလုံး ဒရုန်းလွှတ်တင်မှုပိတ်ပင်ထားပြီး ထိုင်းက အိမ်ရှင်အဖြစ် တာဝန်ယူတဲ့ APEC အစည်းအဝေး အောင်မြင်စွာပြီးဆုံးဖို့ ထိုင်းနိုင်ငံသားတိုင်း အိမ်ရှင်ကောင်းပီသစွာ ဝိုင်းဝန်းပူးပေါင်းဖို့ အစိုးရက မေတ္တာရပ်ခံထားပါတယ်။
ကိုးကား - news.ch7/sanook.com
လတ်တလော ကိုဗစ်-၁၉ မျိုးစိတ်သစ်ကို တွေ့ရှိရတဲ့ တောင်ပိုင်းအာဖရိက ၇ နိုင်ငံက နိုင်ငံခြား ခရီးသွားတွေ ပြည်ဝင်ခွင့်မပေးဖို့ ကနေဒါအစိုးရက စီစဉ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို နိုဝင်ဘာ ၂၆ ရက်က ပြောပါတယ်။
ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကိုလည်း ခံနိုင်ရည်ရှိနေမလားဆိုတာကို သုတေသနပြုနေတဲ့အချိန်မှာ အီးယူ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့ကလည်း နိုင်ငံတွေရဲ့ နယ်စပ်တွေကို တင်းကျပ်ထားလိုက်ပါပြီ။
ကနေဒါကလည်း နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ကာကွယ်နိုင်ဖို့အတွက် တောင်အာဖရိက၊ နမ်မီဘီးယား၊ လီဆိုသို၊ ဘော့စဝါနာ၊ အက်စ်ဝါတီနီ၊ ဇင်ဘာဘွေနဲ့ မိုဇမ်ဘစ်နိုင်ငံကနေ လာမယ့် နိုင်ငံခြားခရီးသွားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။
Omicron လို့ နာမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ကြောင့် သောကြာနေ့ကစလို့ နိုင်ငံတွေဟာ တောင်ပိုင်းအာဖရိကနိုင်ငံတွေဘက်ကနေ လာမယ့် ခရီးသွားတွေကို ပိတ်ပင်လိုက်ကြပါတယ်။
ဒေသတွင်းမှာ စတော့ဈေးနှုန်းတွေလည်း တနှစ်အတွင်း အဆိုးဆုံး အခြေအနေထိ ကျဆင်းသွားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကတော့ အသစ်တွေ့တဲ့ ဗိုင်းရပ်စ်ဟာ အလျင်အမြန် ကူးစက်နိုင်ဖွယ် ရှိပြီး ကနဦးလေ့လာချက်တွေအရ ရောဂါကူးစက်လို့ ပျောက်ကင်းသွားပြီးရင်တောင် နောက်တဖန် ပြန်လည်ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။