မကွေးတိုင်း၊ ချောက်မြို့မှာ အလှူရှင်တွေ၊ လူငယ်တွေနဲ့ ကမ်းလင့်လက်များပရဟိတအဖွဲ့တို့ စုပေါင်းပြီး ၈ ကြိမ်မြောက်အဖြစ် ပြည်သူမှ ပြည်သူသို့ ကြက်ဥအလုံး ၃၀၀၀ ကို စျေးနှုန်းချိုသာစွာနဲ့ ဒီကနေ့ သြဂုတ်လ ၁၅ ရက်က ရောင်းချပေးခဲ့ပါတယ်။
ပရဟိတအဖွဲ့ဝင်တစ်ဦးက “အမှတ် ၁၂ နယ်မြေ၊ သံကန်ကုန်းရပ်ကွက်နဲ့ အမှတ် ၁၀ နယ်မြေ၊ ပတ္တမြားအရှေ့ပိုင်း ရပ်ကွက်တွေမှာ နှစ်နေရာခွဲပြီး အခြေခံလူတန်းစားပြည်သူတွေကို ကြက်ဥတစ်လုံး ၉၀ ၊ တစ်ထောင်ဖိုး ၁၁ လုံးနှုန်း လျှော့စျေးနဲ့ ချို့တဲ့တဲ့ မိသားစုတွေကို အဓိကထားပြီး ရောင်းချပေးတာပါ” လို့ ပြောပါတယ်။
စျေးနှုန်းချိုသာစွာနဲ့ ကြက်ဥရောင်းချတဲ့ အစီအစဉ်ကို ဇူလိုင် ၂၆ ရက်နေ့က ပထမအကြိမ်အဖြစ် စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး နောက်ထပ်ရောင်းချပေးနိုင်အောင်လည်း ကြိုးစားသွားမယ်လို့ သိရပါတယ်။
"ပြည်သူမှ ပြည်သူသို့" ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးရွာတစ်ချို့မှာ စတင်အကောင်ထည်ဖော်လုပ်ဆောင်နေပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေအတော်များများမှာ ကိုဗစ်-၁၉ ကူးစက်မှု ရှိလာတာကြောင့် မိမိတို့ဒေသမှာ ပြည်သူတွေရဲ့အခက်အခဲတချို့ကို ပြေလျော့စေဖို့ ရည်ရွယ်ကာ လုပ်ဆောင်နေတာဖြစ်ပါတယ်။
“ပိုးစစ်ဆေးမှုအပိုင်းနဲ့ ပိုးတွေ့လူနာတွေရဲ့ ဆောင်ရွက်ရမယ့်အပိုင်းကိုတော့ CDM မှာပါဝင်ထားတဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက အခမဲ့ ကူညီဆောင်ရွက်ပေးတယ်လို့" ပြည်သူမှ ပြည်သူသို့ လှုပ်ရှားမှုမှာ ပါဝင်ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
ဇူလိုင် ၁၅ ရက်မနက်ပိုင်းထိ ကိုဗစ်-၁၉ သံသယလူနာ ၅၀ ကျော်စစ်ဆေးနိုင်ခဲ့ပြီး အဲဒီထဲက ပိုးတွေ့ရှိသူ ၃၇ ဦးရှိကာ ပိုးတွေ့လူနာတွေကိုတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျေးရွာအလိုက် စောင့်ရှောက်ထားရှိတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ ၅၇၄ ယောက်နဲ့ သေဆုံးသူ ၁၅ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။