close

ပြည်သူ့အကူအညီ

close

June 22, 2021

စစ်တပ်က RPG ဖြင့်ပစ်ခတ်၊ ပြည်သူ့အကူအညီများစွာလိုအပ်ဟု မန္တလေး PDF ထုတ်ပြန် (ရုပ်သံ)

မန္တလေးမြို့ပစ်ခတ်မှု ဖြစ်စဉ်မှာ  စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့က RPG လက်နက်ကြီး အသုံးပြုခဲ့ကြောင်း ရုပ်သံဗီဒီယိုတစ်ခု ဒီဗွီဘီက ရရှိခဲ့ပါတယ်။ 

ဒီဗီဒီယို အသေးစိတ်ကို အတည်မပြုနိုင်ပေမယ့် လက်နက်ကြီးနဲ့ အပစ်ခံရပြီး ၂ ဦးကျဆုံးခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ် မြို့ပြပြောက်ကျားတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က ဒီဗွီဘီကို ပြောကြားထားပါတယ်။

လတ်တလော အကြမ်းဖက်စစ်ကောင်စီတပ်နဲ့  အပြန်အလှန်တိုက်ခိုက်မှုမှာ ပြည်သူတွေရဲ့ အကူအညီတွေ များစွာလိုအပ်တယ်လို့ မန္တလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)က ထုတ်ပြန်ထားပါတယ်။

PDF တပ်တွေနဲ့ပတ်သက်ပြီး မိဘပြည်သူတွေအနေနဲ့ ဓာတ်ပုံဗီဒီယိုရိုက်ကူးထားပါက PDF-Mdy ရဲ့ လုံခြုံရေးကို ကူညီ သောအားဖြင့် လူမှုကွန်ရက် ဆိုရှယ်မီဒီယာ ပေါ်တင်တာတွေ၊ မျှဝေတာတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဒါ့အပြင် ပြောက်ကျားစစ်ရဲ့ အောင်ပွဲဟာ ပြည်သူထောက်ခံကူညီမှုနဲ့ စည်းလုံးညီညွတ်မှုက အရေးအပါဆုံးဖြစ်တာမို့ စစ်ကောင်စီတပ်တွေမဝင်နိုင်အောင် လမ်းရအောင်ပိတ်ဖို့၊ ကားတာယာ မီးရှို့ဖို့၊  ပြည်သူများထိခိုက်မှုမရှိအောင် ကူညီဖို့၊ တိုက်ပွဲကို Live မလွှင့်ဖို့၊ PDF များ ပြေးလမ်းသာအောင် စောင့်ကြည့်ကူညီဖို့နဲ့ ဆေးအကူညီပေးရေး ပြင်ဆင်ဖို့ တိုက်တွန်းထား ပါတယ်။

ဒီနေ့မနက် မန္တလေး ပစ်ခတ်မှုမှာ PDF တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံး ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် မြို့ပြပြောက်ကျားတာဝန်ခံက ပြောထားပါတယ်။

စစ်ကောင်စီ မီဒီယာတွေမှာတော့ PDF တပ်ဖွဲ့ဝင် ၈ ယောက်ကျဆုံးပြီး ၈ ယောက် ဖမ်းမိထားတယ်လို့ ထုတ်လွှင့်ပါတယ်။ 

6 mins Ago

March 4, 2020

ပြည်သူ့အကူအညီလိုအပ်ပါက  ပြည်သူတွေကူညီချင်အောင် လုပ်ဆောင်စေလို

တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့အကူအညီလိုရင် ပြည်သူတွေကူညီချင်အောင် လုပ်ဆောင်ဖို့ စစ်ကိုင်းတိုင်းလွှတ်တော် တရားဥပေဒစိုးမိုးရေးကော်မတီက တိုက်တွန်းလိုက်ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီရဲ့ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ တစ်နှစ်တာ လုပ်ငန်းအစီရင်ခံစာကို မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။  အစီရင်ခံစာအရ ကော်မတီရဲ့ တိုင်ကြားစာတွေနဲ့ပတ်သက်လို့ ကွင်းဆင်းစစ်ဆေးချက်တွေ၊ အစည်းအဝေးမှတ်တမ်းတွေ၊ လုပ်ဆောင်ချက်တွေကို ဖော်ပြခဲ့ပြီး သုံးသပ်အကြံပြုချက်တွေကလည်း ကော်မတီကိုယ်စားလှယ် ကော်မတီအတွင်းရေးမှူး ဦးမိုးမင်းဝင်းက တင်သွင်းခဲ့တာပါ။ "တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူတွေရဲ့ အကူအညီလိုအပ်တယ်ဆိုရင် ပြည်သူတွေ ကူညီချင်လာအောင် တာဝန်ရှိအဖွဲ့အစည်းပုဂ္ဂိုလ်တွေကနေ တာဝန်ယူ၊ တာဝန်ခံပေးဖို့ လိုအပ်တယ်။ တာဝန်ယူမှုမရှိတဲ့ တရားဥပဒေစိုးမိုးရေးက ပြည်သူ့ဘဝလုံခြုံရေးကို အမှန်တကယ် ရရှိမယ်လို့ ယုံကြည်ရင် ပြည်သူထူထုက မလွဲမသွေ ပူးပေါင်းဆောင်ရွက်လာမှာ ဖြစ်ပါတယ်။ ကော်မတီအနေနဲ့ တရားမျှတမှုရှိစေရန် တာဝန်ခံမယ့် အဖွဲ့အစည်းပုဂ္ဂိုလ်တွေနဲ့ ကိုယ်စိတ်နှစ်ပါးလုံးလုံခြုံမှု လိုအပ်နေ တဲ့ ပြည်သူတွေကြား ဘယ်သူ့အတွက်မဆို နိုင်ငံသားစိတ်ဓာတ်နဲ့ အပြည့်အဝ ကူညီပေးသွားမှာ ဖြစ်ပါတယ်"လို့ ကော်မတီအတွင်းရေးမှူးက ကော်မတီရဲ့ အစီရင်ခံစာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ ၂၀၁၉ ခုနှစ်အတွင်း ကော်မတီကို တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး၊ ဥပဒေအရေးတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုရဲ့ တိုင်ကြားစာပေါင်း ၃၀ ကို လက်ခံရရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းရဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေက အားနည်းနေတာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။  အဓိကအားဖြင့် ခေတ်နဲ့ မညီတဲ့၊ ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ဥပဒေတွေ ရှိနေတာ၊ နည်းပညာ အားနည်းတာ၊ လာဘ်ပေးလာဘ်ယူမှုရှိနေတာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ ဥပဒေတွေ သိရှိမှု အားနည်းတာ၊ ရဲအင်အား မလုံလောက်တာ၊ မူးယစ်ဆေးဝါးနှင့် ယစ်မျိုးဆိုင်တွေ များပြားတာ၊ ဥပဒေအားနည်းလို့ ကလေးတွေ ပြစ်မှုကျူးလွန်တာ၊ တရားစီရင်မှု နှောင့်နှေးကြန့်ကြာတာ၊ ဥပဒေအကောင်အထည်ဖော်မှု အားနည်းတာတွေကြောင့်လည်း တရားဥပဒေစိုးမိုးရေးက လျော့ရဲနေ တယ်လို့ ဆိုပါတယ်။  စစ်ကိုင်းတိုင်းလွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး၊ ဥပဒေရေးရာကော်မတီကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
1 year Ago
Up