close

စစ်တပ်က RPG ဖြင့်ပစ်ခတ်၊ ပြည်သူ့အကူအညီများစွာလိုအပ်ဟု မန္တလေး PDF ထုတ်ပြန် (ရုပ်သံ)

မန္တလေးမြို့ပစ်ခတ်မှု ဖြစ်စဉ်မှာ  စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့က RPG လက်နက်ကြီး အသုံးပြုခဲ့ကြောင်း ရုပ်သံဗီဒီယိုတစ်ခု ဒီဗွီဘီက ရရှိခဲ့ပါတယ်။ 

ဒီဗီဒီယို အသေးစိတ်ကို အတည်မပြုနိုင်ပေမယ့် လက်နက်ကြီးနဲ့ အပစ်ခံရပြီး ၂ ဦးကျဆုံးခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ် မြို့ပြပြောက်ကျားတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က ဒီဗွီဘီကို ပြောကြားထားပါတယ်။

လတ်တလော အကြမ်းဖက်စစ်ကောင်စီတပ်နဲ့  အပြန်အလှန်တိုက်ခိုက်မှုမှာ ပြည်သူတွေရဲ့ အကူအညီတွေ များစွာလိုအပ်တယ်လို့ မန္တလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)က ထုတ်ပြန်ထားပါတယ်။

PDF တပ်တွေနဲ့ပတ်သက်ပြီး မိဘပြည်သူတွေအနေနဲ့ ဓာတ်ပုံဗီဒီယိုရိုက်ကူးထားပါက PDF-Mdy ရဲ့ လုံခြုံရေးကို ကူညီ သောအားဖြင့် လူမှုကွန်ရက် ဆိုရှယ်မီဒီယာ ပေါ်တင်တာတွေ၊ မျှဝေတာတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဒါ့အပြင် ပြောက်ကျားစစ်ရဲ့ အောင်ပွဲဟာ ပြည်သူထောက်ခံကူညီမှုနဲ့ စည်းလုံးညီညွတ်မှုက အရေးအပါဆုံးဖြစ်တာမို့ စစ်ကောင်စီတပ်တွေမဝင်နိုင်အောင် လမ်းရအောင်ပိတ်ဖို့၊ ကားတာယာ မီးရှို့ဖို့၊  ပြည်သူများထိခိုက်မှုမရှိအောင် ကူညီဖို့၊ တိုက်ပွဲကို Live မလွှင့်ဖို့၊ PDF များ ပြေးလမ်းသာအောင် စောင့်ကြည့်ကူညီဖို့နဲ့ ဆေးအကူညီပေးရေး ပြင်ဆင်ဖို့ တိုက်တွန်းထား ပါတယ်။

ဒီနေ့မနက် မန္တလေး ပစ်ခတ်မှုမှာ PDF တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံး ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် မြို့ပြပြောက်ကျားတာဝန်ခံက ပြောထားပါတယ်။

စစ်ကောင်စီ မီဒီယာတွေမှာတော့ PDF တပ်ဖွဲ့ဝင် ၈ ယောက်ကျဆုံးပြီး ၈ ယောက် ဖမ်းမိထားတယ်လို့ ထုတ်လွှင့်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up