မြန်မာ့ရုပ်ရှင်အနုပညာ လောကပြန်လည်ရှင်သန်နိုးထလာမှာကို မနာလိုမရှုဆိတ်တဲ့ ပုဂ္ဂိုလ်တွေက ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်တဲ့အပေါ် နှောင့်ယှက်ဟန့်တားနေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။
ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ပေါင်းစပ် ညှိနှိုင်းခြင်း အစည်းအဝေးကို မေလ ၆ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမမှာ ကျင်းပရာမှာ ပြောဆိုခဲ့တာပါ။
ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသခွင့်ပြုခဲ့တာဟာ ရုပ်ရှင်လောကသားတွေ စားဝတ်နေရေး ပြေလည်စေရေး၊ ပြိုလဲလု နီးပါးဖြစ်ခဲ့တဲ့ ရုပ်ရှင်အနုပညာလုပ်ငန်းတွေ ပုံမှန် ပြန်လည်လှုပ်ရှား သက်ဝင်စေရေးနဲ့ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူနဲ့ ရုပ်ရှင်ရုံပိုင်ရှင်တွေလုပ်ငန်း တွေ ပြန်လည်အဆင်ပြေစေဖို့ ရည်ရွယ် ဆောင်ရွက်ခဲ့ပေမဲ့ အခက်အခဲနဲ့ အဖျက်အမှောင့်တွေ ကြုံတွေ့နေရလို့ မျှော်မှန်းထားသလောက် ခရီး မရောက်သေးဘူးလို့ အစည်းအဝေးမှာ စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ခံပြောကြားလိုက်ပါတယ်။
အခုအချိန်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဟန့်တားနှောင့်ယှက်နေကြကြောင်းနဲ့ အနုပညာရှင်တချို့ကို ခြိမ်းခြောက်တွေ ပြုလုပ်နေတာကို ကြားသိရလို့ လွန်စွာစိတ်မကောင်း ဖြစ်မိတယ်လို့လည်း စစ်ကောင်စီ ဝန်ကြီးက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံကို စတင်ပျံနှံ့ချိန်ကတည်းက ပိတ်ထားတဲ့ နိုင်ငံတဝန်းက ရုပ်ရှင်ရုံတွေကို ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက အတင်းဖိအားပေးပြီး ပြန်ဖွင့်ခဲ့ပေမဲ့ ကြည့်ရှုသူ မရှိတဲ့ အတွက် ရုပ်ရှင်ရုံတချို့ ပြန်ပိတ်နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတော် အာဏာကို တရားမဝင် သိမ်းယူပြီးနောက် ရုပ်ရှင်လောကသား တွေအပါအဝင် အနုပညာရှင်တွေကို မတရားဖမ်းဆီး ထောင်ချ၊ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အတွက် စစ်အာဏာရှင်တွေကို ပြည်သူလူထုက နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။
Photo-MOI
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူထားတယ်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ ပြည်ပနိုင်ငံတချို့က စွပ်စွဲပြောကြားနေကြတဲ့အကြောင်း နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ပြီး အာဏာသိမ်းတာမဟုတ်ကြောင်း စစ်ကောင်စီအကြမ်းဖက် အဖွဲ့ရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်တိုးတက်နေမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာအခြေစိုက် သံတမန်တွေကို တွေ့ဆုံရှင်းလင်းပွဲကို စက်တင်ဘာ ၉ ရက် မနက်က ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနမှာ ကျင်းပရာမှာ ပြောသွားတာပါ။
ဝန်ကြီး ဦးမောင်မောင်အုန်းက “မီဒီယာကျင့်ဝတ်နဲ့ လိုက်နာခြင်းမရှိတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ကျင့်ဝတ်ကို အလေးမထားတဲ့ ပြည်ပနိုင်ငံတချို့က နိုင်ငံတော်အာဏာကို သိမ်းယူတယ်လို့ စွပ်စွဲပြောကြားနေကြတာရှိပါတယ်။ တကယ်တော့ တပ်မတော်က တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ထိန်းသိမ်း ဆောင်ရွက်နေခြင်းသာဖြစ်ပြီး အာဏာသိမ်းတာမဟုတ်ကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက လွပ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမှာဖြစ်တယ်။”လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်ကလည်း ဖမ်းဆီးအရေးယူထားသူတွေထဲမှာ မီဒီယာတချို့က သတင်းသမားတချို့ပါဝင်နေတယ်လို့ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အဆိုပါ သတင်းသမားတွေကို အရေးယူတာဟာ သတင်းလွတ်လပ်ခွင့်နဲ့ လွပ်လပ်စွာရေးသား ဖော်ထုတ်ခြင်းတို့ကြောင့် မဟုတ်ဘဲ နိုင်ငံ့အကျိုးကို ပျက်စီးအောင် တမင် ရည်ရွယ်ဆောင်ရွက်မှု၊ အကြမ်းဖက်မှုတွေနဲ့ အစွန်းရောက်မှုတွေ ပိုမိုဖြစ်ပေါ်လာစေဖို့ စည်းရုံးလှုံဆော်တာကြောင့် ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် စိုးတင့်နိုင်ကပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတဝန်းမှာ မိုင်းထောင်ဖောက်ခွဲမှုပေါင်း ၂၃၉၀ ရှိခဲ့ပြီး သေဆုံးသူ ၉၃၃ ဦးနဲ့ ဒဏ်ရာရသူပေါင်း ၁၃၁၂ ဦးရှိတယ်လို့လည်း စစ်ကောင်စီ ပြည်ထဲရေးဌာဝန်ကြီးက ရှင်းလင်းပြောသွားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြားမှာ သတင်းထောက်တာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးခံရတဲ့ သတင်းသမား အယောက် ၅၀ ကျော်ရှိခဲ့ပြီး တချို့ပြန်လွတ်လာကာ အယောက် ၃၀ ကျော်လောက် အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လကျော်အကြာ အကြမ်းဖက်စစ် တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၅၈ ယောက်ထိရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
Photo- MOI