close

ရုပ်ရှင်လောကပြန်နိုးထမှာ မနာလိုမရှုဆိတ်သူများက ရုပ်ရှင်ရုံပြန်ဖွင့်မှုကို နှောင့်ယှက်နေဟု စစ်ကောင်စီဝန်ကြီး ပြော

မြန်မာ့ရုပ်ရှင်အနုပညာ လောကပြန်လည်ရှင်သန်နိုးထလာမှာကို မနာလိုမရှုဆိတ်တဲ့ ပုဂ္ဂိုလ်တွေက ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်တဲ့အပေါ် နှောင့်ယှက်ဟန့်တားနေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။

ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ပေါင်းစပ် ညှိနှိုင်းခြင်း အစည်းအဝေးကို မေလ ၆ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမမှာ ကျင်းပရာမှာ ပြောဆိုခဲ့တာပါ။

ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသခွင့်ပြုခဲ့တာဟာ ရုပ်ရှင်လောကသားတွေ စားဝတ်နေရေး ပြေလည်စေရေး၊ ပြိုလဲလု နီးပါးဖြစ်ခဲ့တဲ့ ရုပ်ရှင်အနုပညာလုပ်ငန်းတွေ ပုံမှန် ပြန်လည်လှုပ်ရှား သက်ဝင်စေရေးနဲ့ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူနဲ့ ရုပ်ရှင်ရုံပိုင်ရှင်တွေလုပ်ငန်း တွေ ပြန်လည်အဆင်ပြေစေဖို့ ရည်ရွယ် ဆောင်ရွက်ခဲ့ပေမဲ့ အခက်အခဲနဲ့  အဖျက်အမှောင့်တွေ ကြုံတွေ့နေရလို့ မျှော်မှန်းထားသလောက် ခရီး မရောက်သေးဘူးလို့ အစည်းအဝေးမှာ စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ခံပြောကြားလိုက်ပါတယ်။

အခုအချိန်ဟာ  အာဏာသိမ်းစစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဟန့်တားနှောင့်ယှက်နေကြကြောင်းနဲ့   အနုပညာရှင်တချို့ကို ခြိမ်းခြောက်တွေ ပြုလုပ်နေတာကို ကြားသိရလို့  လွန်စွာစိတ်မကောင်း ဖြစ်မိတယ်လို့လည်း စစ်ကောင်စီ ဝန်ကြီးက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံကို စတင်ပျံနှံ့ချိန်ကတည်းက ပိတ်ထားတဲ့ နိုင်ငံတဝန်းက ရုပ်ရှင်ရုံတွေကို  ပြီးခဲ့တဲ့  ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက အတင်းဖိအားပေးပြီး ပြန်ဖွင့်ခဲ့ပေမဲ့ ကြည့်ရှုသူ မရှိတဲ့ အတွက် ရုပ်ရှင်ရုံတချို့ ပြန်ပိတ်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော် အာဏာကို တရားမဝင် သိမ်းယူပြီးနောက်  ရုပ်ရှင်လောကသား တွေအပါအဝင် အနုပညာရှင်တွေကို မတရားဖမ်းဆီး ထောင်ချ၊ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အတွက် စစ်အာဏာရှင်တွေကို ပြည်သူလူထုက နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

Photo-MOI

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up