close

မက္ကဆီကိုတွင် ပြန်ပေးဆွဲခံရသည့် အမေရိကန်နိုင်ငံသား ၄ ဦးအနက် ၂ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံမှာ အမေရိကန်နိုင်ငံသား ၄ ဦး ပြန်ပေးဆွဲခံရမှုနဲ့ ဆက်နွှယ်နေတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦးကို မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက မတ် ၇ ရက်မှာ ပြောပါတယ်။

မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့တွေဟာ မတ် ၇ ရက် မနက်က နယ်စပ်မြို့ မာထာမောရော့စ်ရဲ့ အရှေ့တောင်ဘက်ရှိ သစ်သားအခန်းတခုအတွင်း အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရုပ်အလောင်း ၂ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တာမောင်လိပါ့စ် အုပ်ချုပ်ရေးမှူး အာမယ်ရီကို ဗီလာရီးယဲလ်က ပြောပါတယ်။

အခင်းဖြစ်နေရာမှာ သူတို့ကို စောင့်ကြပ်နေတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးခဲ့တာပါ။

သူတို့ ၄ ယောက်ကို ရှာမတွေ့ခင်မှာ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေကို လမ်းကြောင်းလွှဲတဲ့ အနေနဲ့ နယ်မြေခံ ဆေးပေးခန်း အပါအဝင် နေရာအသီးသီးကို ရွှေ့ပြောင်းခဲ့ပါတယ်။

အာဏာပိုင်တွေဟာ အမေရိကန်နိုင်ငံသား ၂ ဦး ဘယ်လိုသေဆုံးသွားတယ် ဆိုတာကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး မက္ကဆီကိုအရာရှိတဦးကတော့ သူတို့ဟာ တခြားသူတဦးဦးနဲ့ လူမှားပြီး ပြန်ပေးဆွဲခံရတာ အဖြစ်နိုင်ဆုံးပဲလို့ ရှင်းပြပါတယ်။

အသက်ရှင်ကျန်ရစ်တဲ့ အမေရိကန်နိုင်ငံသား ၂ ဦးထဲက ၁ ဦးရဲ့ ခြေထောက်မှာ သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ကျန်အမျိုးသမီးတဦးကတော့ ဒဏ်ရာမရရှိကြောင်း အုပ်ချုပ်ရေးမှူး ဗီလာရီးယဲလ်က ပြောပါတယ်။

မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ဘက်ကို ကားနဲ့မောင်းနှင် ဝင်ရောက်သွားပြီးနောက် မတ်လ ၃ ရက်က ပြန်ပေးဆွဲခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားတွေထဲက ၂ ဦးဟာ အမေရိကန်နိုင်ငံကို ပြန်ရောက်ရှိလာပြီး ဒီဖြစ်ရပ်မှာ သေဆုံးခဲ့ရသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို အမေရိကန်ပြည်ထောင်စုမှ ပြန်လည်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးဌာနက မတ် ၇ ရက်မှာ ပြောပါတယ်။

မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနျူယယ် လိုပက်ဇ် အိုဘရာဒေါက မတ် ၇ ရက် မနက် သတင်းစာရှင်းလင်းပွဲမှာ မာတာမောရော့စ်မှာ ပြန်ပေးဆွဲခံရတဲ့ အမေရိကန်နိုင်ငံသား ၂ ဦး အသတ်ခံရကြောင်း အတည်ပြုခဲ့ပြီးနောက် မက္ကဆီကိုမှာ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုကို ပယ်ချခဲ့ပါတယ်။

ကျူးလွန်ခံရသူတွေကို တရားမျှတအောင် ဆောင်ရွက်ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

Up