ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးတွေကို ဖိအားပေး တောင်းဆိုခဲ့တဲ့ ဥရုဂွေး ကစားသမားတွေကို ဖီဖာကပွဲပယ်နဲ့ ဒဏ်ငွေပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။
ဥရုဂွေးအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂါနာကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပေမယ့် နောက်တစ်ဆင့်တက်ခွင့်မရခဲ့ပါဘူး။
ပွဲပြီးခါနီးအချိန်တွေမှာ ပင်နယ်တီမပေးခဲ့မှုအပေါ် ဥရုဂွေးကစားသမားတွေက ပွဲအပြီးမှာ ဒိုင်လူကြီး တွေအနားလာပြီး တွန်းထိုးဆဲဆိုခဲ့ကြတာပါ။
အဲဒီအထဲမှာ နောက်ခံလူ ဟီမီနက်ဇ်လည်းပါဝင်ပြီး ၄ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ မာကာသတင်းမှာဖော်ပြပါတယ်။
ဒါ့အပြင် ကွင်းအတွင်းက VAR မော်နီတာကိုချိုးဖျက်ခဲ့တဲ့ တိုက်စစ်မှူးကာဗာနီကို တစ်ပွဲပယ်ပြစ်ဒဏ်၊ စောဒကတက်ခဲ့တဲ့ ဂိုးသမား မူဆာလာယာကတော့ ၄ ပွဲ ပယ်ပြစ်ဒဏ်ချမှတ်ဖို့ရှိတယ်လို့ဆိုပါတယ်။
သူတို့ရဲ့ ပွဲပယ်ပြစ်ဒဏ်တွေမှာ ကလပ်အသင်းနဲ့ သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံတကာပွဲစဉ်တွေရောက်မှ စတင်ကျခံရမယ်လို့ သိရပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ် ၁၂ မှာ အယ်လ်နာဆာက အယ်လ်တေးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ရော်နယ်ဒိုဟာ အသင်းလူစာရင်းနဲ့အတူရှိခဲ့ပေမယ့် ပွဲ ကြည့်စင်ကနေပဲ အားပေးခဲ့ပါတယ်။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကိုပြောင်းရွှေ့သွားတဲ့ စီရော်နယ်ဒိုဟာ အင်္ဂလန်အက်ဖ်အေရဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းသစ်နဲ့ ပွဲဦးထွက်ပွဲစဉ်ကို ကစားခွင့်မရသေးတာပါ။
အယ်လ်နာဆာအသင်းဟာ ဇန်နဝါရီ ၁၅ ရက်မှာ အယ်လ်ရှာဘက်နဲ့ ဆက်လက်ကစားရမှာဖြစ်ပြီး ရော်နယ်ဒို အနေနဲ့ ပါဝင်ကစားခွင့်ရရှိမှာမဟုတ်ဘဲ ဇန်နဝါရီ ၂၃ ရက်မှာကစားမယ့် လိဂ်ပွဲစဉ် ရောက်မှ ကစားခွင့်ရမှာပါ။
ရော်နယ်ဒိုဟာ မန်ယူအသင်းမှာကစားစဉ်က အဲဗာတန်အသင်းလူငယ်ပရိသတ်တစ် ဦးဆီကဖုန်းကို လက်နဲ့ရိုက်ချခဲ့တာကြောင့် အင်္ဂလန်အက်ဖ်အေက ၂ ပွဲ ပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ် ပါတယ်။