close

ဖက်ဒရယ်

close

September 28, 2022

ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ်သာပေးမည်၊ ပြည်ပ ပရောဂကြောင့် EAO များ ဝိဝါဒကွဲနေဟု စစ်ခေါင်းဆောင် ပြစ်တင်ဝေဖန်

ဖက်ဒရယ်အခွင့်အရေးတွေ ပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်မှာဖြစ်ကြောင်းနဲ့  ပြည်ပ ပရောဂတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ဝိဝါဒကွဲပြားနေကြတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ  ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်မှာ PDF တွေနဲ့ ဆက်နွှယ်တဲ့ EAO အဖွဲ့တွေနဲ့ ထိခိုက်မှုများ များပြားနေကြောင်း၊ အဆိုပါ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားတဲ့ ဒေသတွေထိခိုက်ဆုံးရှုံး ပိုမိုများပြားကြောင်း၊  ပြည်သူလူထု၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ ထိခိုက်မှုရှိလာမယ်ဆိုပါက လက်တွေ့ကျတဲ့တုံ့ပြန်မှု ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ရေးဆောင်ရွက်နေပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက် နေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်အခွင့်အရေးတွေပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်မှာဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ် ကျင့်သုံးတဲ့ တခြားနိုင်ငံတွေမှာလည်း အလားတူပဲလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၆ ရက်မနက်က  'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်  (NDAA) မိုင်းလားအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့  နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံပါတယ်။

ဒီတွေ့ဆုံပွဲမှာ   ‘ဝ’ ပြည်နယ်ထူထောင်ခွင့်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ စစ်ခေါင်းဆောင်က မူအားဖြင့် သဘောတူခဲ့သလို SSPP ကလည်း ဗမာပြည်နယ်ဖွဲ့စည်းရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ 

လက်ရှိငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ပထမအဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို မျက်ကွယ်ပြုလို့မရကြောင်း၊ ပြည်ပ ပရောဂတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ဝိဝါဒကွဲပြားမှုများရှိကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေ ပါဝင်ပြီး လွှတ်တော်လမ်းကြောင်းမှသာ ဆောင်ရွက်နိုင်မယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ရေး ဆောင်ရွက်နေပြီး နောင်လာမယ့်လွှတ်တော်သက်တမ်းမှာ  နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေကိုပေါင်းစပ်ကာ  လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့လည်း  စစ်ခေါင်းဆောင်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ပထမအကြိမ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ မေလကစတင် တဖွဲ့ချင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဩဂုတ်ကစတင်ပြီး ထပ်မံတွေ့ဆုံနေတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့ အဖွဲ့အများစုဟာ  ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။

အခုလက်ရှိ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတဲ့ KNU၊ KIA ၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိတဲ့အတွက်  သွားရောက်ခြင်းမရှိပါဘူး။

8 mins Ago

December 30, 2021

ဖက်ဒရယ်တည်ဆောက်ရေး ကေအန်ယူ သင်တန်းပေး

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေမှာ အနာဂတ်ခေါင်းဆောင်လူငယ်တွေကို မြန်မာ့နိုင်ငံရေးနှင့်ဖက်ဒရယ်တည်ဆောက်ရေး သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့တယ်လို့ ကေအန်ယူ သတင်းဌာနက ဖော်ပြတယ်။

မြန်မာ့နိုင်ငံရေး အခင်းအကျင်း၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေး ကြိုးပမ်းချက် ၊ မျှော်လင့်ချက်နဲ့ ရပ်တည်ချက်တွေကို သိရှိစေဖို့နဲ့ ဆက်လက်တည်ဆောက်သွား မယ့် ဖက်ဒရယ်စနစ်ရဲ့ အခြေခံ အင်္ဂါရပ်တွေ၊ မူတွေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်တည်ဆောက်ရေးကို သိရှိစေဖို့ ရည်ရွယ်ပြီး  သင်တန်းဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါသင်တန်းကို ကေအန်ယူ-သတင်းပြန်ကြားရေးဌာန ( ဗဟို )ရဲ့ ဖွဲ့စည်းတည်ဆောက်ရေးနဲ့ ပညာပေးရေးဌာနခွဲက ကြီးမှူးဖွင့်လှစ်ပေးခဲ့တာပါ။ 

မြန်မာပြည်အတွင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံထဲက လူငယ်တွေ၊ ကေအန်ယူ - ထိန်းချုပ်နယ်မြေအတွင်းက ကရင်လူငယ်တွေ(KYO)နဲ့ လေ့လာသူတွေအပါအဝင် သင်တန်းသား သင်တန်းသူ ၄၇ ဦး တက်ရောက်ခဲ့ပါတယ်။

သင်တန်းတက်ရောက်နေတဲ့ သင်တန်းသား တစ်ဦးက “ အနာဂတ်ခေါင်းဆောင်လူငယ်တွေ မဖြစ်မနေတက်သင့်တဲ့ သင်တန်းတစ်ခုပါ။  မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေ သိခွင့်ရသလို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေး ကြိုးပမ်းချက် ၊ မျှော်လင့်ချက်နဲ့ ရပ်တည်ချက်တွေကို သင်ယူလေ့လာခွင့်တွေရတယ်”လို့ ပြောပါတယ်။

သင်တန်းမှာ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အခြေခံမူ အင်္ဂါရပ်တွေ၊ မြန်မာ့နိုင်ငံရေးသမိုင်း၊ တိုင်းရင်းသားလူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန်ရေး၊ ကေအန်ယူရဲ့ အခြေခံလမ်းစဥ် /လုပ်ငန်းစဉ်၊ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ပုံစတဲ့ ဘာသာရပ်တွေကို သင်တန်းဆရာတွေဖြစ်တဲ့ ပဒို စောပိုပိုထူးအောင်နဲ့ ဗိုလ်စခန့်သူလှိုင်တို့က ဘာသာရပ်အလိုက် ပို့ချပေးခဲ့ပါတယ်။

အထူးဘာသာရပ်အနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ နိုင်ငံရေး အခင်းအကျင်းတွေကို ပဒို စောလှထွန်းက သင်ကြားပို့ချပေးပြီး လက်ရှိနိုင်ငံအတွင်း ဖြစ်တည်မှုအခြေအနေကိုသုံးသပ်ကာ ရှေ့ဆက် အတူတကွ စုပေါင်း လက်တွဲလုပ်ဆောင်ရမည့်အရာတွေကို ပဒို စောကလယ်စေးက သင်ကြားပို့ချပေးခဲ့ပါတယ်။

9 months Ago
Up