close

ဖက်ဒရယ်တည်ဆောက်ရေး ကေအန်ယူ သင်တန်းပေး

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေမှာ အနာဂတ်ခေါင်းဆောင်လူငယ်တွေကို မြန်မာ့နိုင်ငံရေးနှင့်ဖက်ဒရယ်တည်ဆောက်ရေး သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့တယ်လို့ ကေအန်ယူ သတင်းဌာနက ဖော်ပြတယ်။

မြန်မာ့နိုင်ငံရေး အခင်းအကျင်း၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေး ကြိုးပမ်းချက် ၊ မျှော်လင့်ချက်နဲ့ ရပ်တည်ချက်တွေကို သိရှိစေဖို့နဲ့ ဆက်လက်တည်ဆောက်သွား မယ့် ဖက်ဒရယ်စနစ်ရဲ့ အခြေခံ အင်္ဂါရပ်တွေ၊ မူတွေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်တည်ဆောက်ရေးကို သိရှိစေဖို့ ရည်ရွယ်ပြီး  သင်တန်းဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါသင်တန်းကို ကေအန်ယူ-သတင်းပြန်ကြားရေးဌာန ( ဗဟို )ရဲ့ ဖွဲ့စည်းတည်ဆောက်ရေးနဲ့ ပညာပေးရေးဌာနခွဲက ကြီးမှူးဖွင့်လှစ်ပေးခဲ့တာပါ။ 

မြန်မာပြည်အတွင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံထဲက လူငယ်တွေ၊ ကေအန်ယူ - ထိန်းချုပ်နယ်မြေအတွင်းက ကရင်လူငယ်တွေ(KYO)နဲ့ လေ့လာသူတွေအပါအဝင် သင်တန်းသား သင်တန်းသူ ၄၇ ဦး တက်ရောက်ခဲ့ပါတယ်။

သင်တန်းတက်ရောက်နေတဲ့ သင်တန်းသား တစ်ဦးက “ အနာဂတ်ခေါင်းဆောင်လူငယ်တွေ မဖြစ်မနေတက်သင့်တဲ့ သင်တန်းတစ်ခုပါ။  မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေ သိခွင့်ရသလို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေး ကြိုးပမ်းချက် ၊ မျှော်လင့်ချက်နဲ့ ရပ်တည်ချက်တွေကို သင်ယူလေ့လာခွင့်တွေရတယ်”လို့ ပြောပါတယ်။

သင်တန်းမှာ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အခြေခံမူ အင်္ဂါရပ်တွေ၊ မြန်မာ့နိုင်ငံရေးသမိုင်း၊ တိုင်းရင်းသားလူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန်ရေး၊ ကေအန်ယူရဲ့ အခြေခံလမ်းစဥ် /လုပ်ငန်းစဉ်၊ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ပုံစတဲ့ ဘာသာရပ်တွေကို သင်တန်းဆရာတွေဖြစ်တဲ့ ပဒို စောပိုပိုထူးအောင်နဲ့ ဗိုလ်စခန့်သူလှိုင်တို့က ဘာသာရပ်အလိုက် ပို့ချပေးခဲ့ပါတယ်။

အထူးဘာသာရပ်အနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ နိုင်ငံရေး အခင်းအကျင်းတွေကို ပဒို စောလှထွန်းက သင်ကြားပို့ချပေးပြီး လက်ရှိနိုင်ငံအတွင်း ဖြစ်တည်မှုအခြေအနေကိုသုံးသပ်ကာ ရှေ့ဆက် အတူတကွ စုပေါင်း လက်တွဲလုပ်ဆောင်ရမည့်အရာတွေကို ပဒို စောကလယ်စေးက သင်ကြားပို့ချပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up