မတ် ၂၀ ရက်က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ပျော်ရွှင်မှုဆိုင်ရာ အစီရင်ခံစာထဲမှာ ဖင်လန်နိုင်ငံဟာ နောက် ထိပ်ဆုံးက ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ပျော်ရွှင်မှုကို ကျန်းမာရေး၊ လူမှုထောက်ပံ့ရေး၊ ဝင်ငွေ၊ လွတ်လပ်မှု၊ ပေးကမ်းရက်ရောမှုနဲ့ အကျင့်ပျက်ခြစားမှုမရှိတဲ့ အချက်တွေအပေါ်မှာ တိုင်းတာခဲ့တာ ဖြစ်ပြီး ဖင်လန်က ကမ္ဘာ့အပျော်ရဆုံး နိုင်ငံတစ်ခုအဖြစ် ၆ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။
ဖင်လန်နိုင်ငံ နောက်မှာတော့ ဒိန်းမတ်၊ အိုက်စလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ လူဇင်ဘတ်၊ ဆွီဒင်၊ နော်ဝေ၊ အစ္စရေးနဲ့ နယူဇီးလန်တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။
ဒီအစီရင်ခံစာအရ ကမ္ဘာ့တဝန်း လူဦးရေ အများစုဟာ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း၊ ငွေကြေးဖောင်းပွမှုနဲ့ ယူကရိန်းစစ်ပွဲ စသဖြင့် များပြားလှတဲ့ အကျပ်အတည်းပြဿနာတွေကြားမှာ သိသိသာသာ ခံနိုင်ရည်ရှိနေကြဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယေဘုယျအားဖြင့် ပျော်ရွှင်မှုကွာဟချက် နည်းပါးတဲ့ နိုင်ငံတွေမှာ လူတွေ ပိုမိုစိတ်ချမ်းသာနေတယ်လို့ ဆိုပါတယ်။
ထိပ်ဆုံးနိုင်ငံ ၂၀ စာရင်းမှာ လစ်သူရေးနီယား နိုင်ငံကသာ အသစ်ပါဝင်လာခဲ့ပြီး စစ်ဒဏ် ခံနေရဆဲ နိုင်ငံတွေဖြစ်တဲ့ အာဖဂန်နစ္စတန်နဲ့ လက်ဘနွန်တို့ကတော့ ဒီစစ်တမ်းမှာ ပျော်ရွှင်မှုအနည်းပါးဆုံး နိုင်ငံတွေအဖြစ် ရပ်တည်ခဲ့ပါတယ်။
ဒီစစ်တမ်းမှာပါဝင်တဲ့ နိုင်ငံပေါင်း ၁၄၆ နိုင်ငံထဲမှာ မြန်မာနိုင်ငံက အဆင့် ၁၂၆ မှာသာ ရပ်တည်နေပါတယ်။ ပထမဆုံးသော ကမ္ဘာ့ပျော်ရွှင်မှု ဆိုင်ရာအစီရင်ခံစာကို ၂၀၁၂ ခုနှစ်မှာ စတင်ထုတ်ပြန်ခဲ့တာပါ။
ဖင်လန်အစိုးရဟာ နိုင်ငံရဲ့ အရှေ့ဘက် ရုရှားနယ်စပ်မှာ ခြံစည်းရိုး အစမ်းကာရံတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်လိုက်ပါတယ်။
ရုရှားနဲ့ ဖင်လန်နယ်စပ် အစိတ်အပိုင်းတွေ တလျှောက်မှာ တည်ဆောက်ဖို့ စီမံကိန်း ရှိထားပါတယ်။ ခန့်မှန်း ၃ ကီလိုမီတာရှည်တဲ့ နယ်စပ်ခြံစည်းရိုး အစမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်ဟာ နယ်စပ်ဖြတ်ကူးရေးလမ်းကြောင်းရဲ့ နှစ် ဖက်စလုံးက သစ်တောတွေကို ရှင်းလင်းရေးနဲ့ စတင်ခဲ့တာပါ။
ပြီးဆုံးရင် လမ်းလုပ်ငန်းနဲ့ ခြံစည်းရိုး တပ်ဆင်ရေးကို မတ်လနှောင်းပိုင်းမှာ စတင်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီနောက် နည်းပညာဆိုင်ရာ စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်မှာလည်း ဖြစ်ပါတယ်။ အစမ်းလုပ်ငန်းဟာ ဇွန်လကုန်ပိုင်းမှာ ပြီးဆုံးဖို့ မျှော်လင့်ထားပါတယ်။
မနှစ်က နိုဝင်ဘာလက ဖင်လန်အစိုးရဟာ ရုရှားနယ်စပ်တလျှောက် ခြံစည်းရိုးတွေ တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၄ သန်း သုံးဖို့ အဆိုပြုခဲ့ပါတယ်။ ဒါဟာ ယူကရိန်းကို ရုရှားက ကျူးကျော်နေချိန်ပေးခဲ့တဲ့ ကတိကဝတ်ကို တည်ဖို့ ဖြည့်ဆည်း တာလည်း ဖြစ်ပါတယ်။
အနောက်နိုင်ငံများ စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးကို အဖွဲ့ဝင်အဖြစ် လျှောက်ထားဆဲ ဖင်လန် နိုင်ငံဟာ ရုရှားနဲ့ စစ်ဖြစ်ဖူးတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဒါပေမဲ့ သစ်တောတွေ ဖုံးနေတဲ့ မိုင် ၁၈၀ ရှည်တဲ့ နယ်စပ်တခုလုံးနီး ပါးကို ဆိုင်းဘုတ်တွေ ပလတ်စတစ် လိုင်းတွေနဲ့သာ အမှတ်အသား ပြုထားရပါသေးတယ်။
နယ်စပ်စောင့်ကြပ်ရေး အာဏာပိုင်တွေကတော့ နယ်စပ်အရှည် စုစုပေါင်းရဲ့ ၁၀ ကနေ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ အရှည် ကီလိုမီတာ ၁၃၀ ကနေ ၂၆၀ ကြားမှာ ခြံစည်းရိုး ဆောက်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။
ဖင်လန်နိုင်ငံရဲ့ အရှေ့တောင်ပိုင်းထဲက နယ်စပ်ကပ်လျက် ဧရိယာတွေနဲ့ နယ်စပ် ဖြတ်ကူးရေး စခန်းတွေ ဝန်းကျင်မှာ ကနဦး အာရုံစိုက်ထားတယ်လို့လည်း ပြောပါတယ်။