close

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဖင်လန်နိုင်ငံထိပ်ဆုံးတွင် ဆက်လက်ရပ်တည်

မတ် ၂၀ ရက်က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ပျော်ရွှင်မှုဆိုင်ရာ အစီရင်ခံစာထဲမှာ ဖင်လန်နိုင်ငံဟာ နောက် ထိပ်ဆုံးက ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ 

နိုင်ငံတစ်နိုင်ငံရဲ့ ပျော်ရွှင်မှုကို ကျန်းမာရေး၊ လူမှုထောက်ပံ့ရေး၊ ဝင်ငွေ၊ လွတ်လပ်မှု၊ ပေးကမ်းရက်ရောမှုနဲ့ အကျင့်ပျက်ခြစားမှုမရှိတဲ့ အချက်တွေအပေါ်မှာ တိုင်းတာခဲ့တာ ဖြစ်ပြီး ဖင်လန်က ကမ္ဘာ့အပျော်ရဆုံး နိုင်ငံတစ်ခုအဖြစ် ၆ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။

ဖင်လန်နိုင်ငံ နောက်မှာတော့ ဒိန်းမတ်၊ အိုက်စလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ လူဇင်ဘတ်၊ ဆွီဒင်၊ နော်ဝေ၊ အစ္စရေးနဲ့ နယူဇီးလန်တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။ 

ဒီအစီရင်ခံစာအရ ကမ္ဘာ့တဝန်း လူဦးရေ အများစုဟာ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း၊ ငွေကြေးဖောင်းပွမှုနဲ့ ယူကရိန်းစစ်ပွဲ စသဖြင့် များပြားလှတဲ့ အကျပ်အတည်းပြဿနာတွေကြားမှာ သိသိသာသာ ခံနိုင်ရည်ရှိနေကြဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ယေဘုယျအားဖြင့် ပျော်ရွှင်မှုကွာဟချက် နည်းပါးတဲ့ နိုင်ငံတွေမှာ လူတွေ ပိုမိုစိတ်ချမ်းသာနေတယ်လို့ ဆိုပါတယ်။ 

ထိပ်ဆုံးနိုင်ငံ ၂၀ စာရင်းမှာ လစ်သူရေးနီယား နိုင်ငံကသာ အသစ်ပါဝင်လာခဲ့ပြီး စစ်ဒဏ် ခံနေရဆဲ နိုင်ငံတွေဖြစ်တဲ့ အာဖဂန်နစ္စတန်နဲ့ လက်ဘနွန်တို့ကတော့ ဒီစစ်တမ်းမှာ ပျော်ရွှင်မှုအနည်းပါးဆုံး နိုင်ငံတွေအဖြစ် ရပ်တည်ခဲ့ပါတယ်။

ဒီစစ်တမ်းမှာပါဝင်တဲ့ နိုင်ငံပေါင်း ၁၄၆ နိုင်ငံထဲမှာ မြန်မာနိုင်ငံက အဆင့် ၁၂၆ မှာသာ ရပ်တည်နေပါတယ်။ ပထမဆုံးသော ကမ္ဘာ့ပျော်ရွှင်မှု ဆိုင်ရာအစီရင်ခံစာကို ၂၀၁၂ ခုနှစ်မှာ စတင်ထုတ်ပြန်ခဲ့တာပါ။ 

Up