ရခိုင်ပြည်နယ် မောင်တော ကြိမ်းချောင် စစ်ဆေးရေးဂိတ် နဲ့ ကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေး ဂိတ်တွေမှာ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ ၂ ယောက်နဲ့ ဒေသခံအရပ်သား ၄ ယောက်ကို ဖမ်းဆီးထားပြီး တွေ့ခွင့်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။
ဖမ်းခံရတဲ့ တက္ကသိုလ်ကျောင်းသားရဲ့ မိခင်က “နိုဝင်ဘာ ၁ ရက်မှာ မင်္ဂလာညွှန်က ဆိုက်ကယ် ကယ်ရီသမားနဲ့ လိုက်လာတာ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတယ်လို့ သိရပါတယ်။ သူတို့ကို ဒေသခံတွေ နိုဝင်ဘာ ၄ ရက်မှာ လက်ထိတ်နဲ့ စခန်းမှာတွေ့ခဲ့တယ်လို့ ပြောတယ်။ မိဘတွေကို ဒီနေ့အထိ ဖမ်းထားတာအကြောင်းမကြားဘူး။ ကျမတို့ အလွန်စိုးရိမ်နေကြတယ်။ ကြောက်လန့်လို့လည်း သွားမရှာကြည့်ဝံ့ဘူး" လို့ ပြောပါတယ်။
ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံထားရသူ ၂ ယောက်ကတော့ မင်းခမောက်ကျေးရွာနေ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်ဆန်းဌေးဖြစ်ပြီး စစ်တွေမြို့မှာ စာမေးပွဲဖြေပြီးနောက် မင်္ဂလာညွှန့်ကျေးရွာမှ ဆိုက်ကယ်ကယ်ရီသမား မောင်ခင်ဇော်နဲ့အတူ ရွာကိုပြန်လာစဥ် ဖမ်းခံရတာဖြစ်ပါတယ်။
အလားတူ အောက်တိုဘာ ၃၁ ရက်ကလည်း အသက် ၂၄ နှစ်ရှိ တက္ကသိုလ်ကျောင်းသူ မအေးမြစန္ဒာမှာ မောင်တောမြို့နယ်ရှိ မင်္ဂလာညွန့်ကျေးရွာရှိ ဆွေမျိုးတွေဆီ အလည် လာရောက်ပြီး မင်းပြားမြို့နယ် ပြိုင်းတောကျေးရွာပြန်ဖို့ မောင်တောမြို့ကို ဆိုက်ကယ်ကယ်ရီသမားနဲ့ ဆင်းလာချိန် ကြိမ်ချောင်း ၂၄ စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတယ်လို့ မင်္ဂလာညွှန့်ကျေးရွာမှ ဆိုက်ကယ် ကယ်ရီသမားရဲ့ ဇနီးက ပြောပါတယ်။
“ကျမအိမ်ရှင်က ဆိုက်ကယ် ကယ်ရီဆွဲတာ။ မင်္ဂလာညွန့်ကျေးရွာကို အလည်လာတဲ့ တက္ကသိုလ်ကျောင်းသူ မအေးမြစန္ဒာကို အောက်တိုဘာ ၃၁ ရက်မှာ မောင်တောကို လိုက်ပို့တာ။ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးထားတာ။ ဖမ်းဆီးတဲ့နေ့ကစပြီး ဒီနေ့အချိန် အဆက်အသွယ် မရသေးဘူး။”
ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီး နယ်ခြားစောင့်ကားတစီး ကို အေအေက မိုင်းခွဲတိုက်ခိုက်အပြီး မောင်တောမြို့နယ်မြောက်ပိုင်း သွားလာခွင့်ကို အကန့်အသတ်မရှိ ပိတ်ထားတာဖြစ်ပါတယ်။
လမ်းပိတ်ထားရာမှာလည်း လမ်းသွားလမ်းလာ လုပ်သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး မသင်္ကာ သူတွေကို ဖမ်းဆီးလေ့ရှိရာမှာ ရန်အောင်ပြင်ကျေးရွာသား ၂ ယောက်ပါ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အကြမ်းဖက်မှုနဲ့ လူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး ၁၀,၀၀၀ ကျော်ကိုတော့ ရှာဖွေဖော်ထုတ်ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၄ ရက် နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အကြမ်းဖက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ အယောက် ၁၄၈၀ ဖြစ်ပြီး ရှာဖွေဖော်ထုတ်ဖမ်းဆီးတာက လူပေါင်း ၁၀၀၆၉ ယောက်ရှိတယ်လို့ ပြောပါတယ်။ ဒါကတော့ ဘာမှမလုပ်ရသေးဘဲ ကြံစည်နေတုန်း ဖမ်းဆီးတာလို့ ဆိုပါတယ်။
စုစုပေါင်း ၁၁၅၄၉ ယောက် ကို ဖမ်းဆီးထားပြီး လက်နက်မျိုးစုံ ၃၄၅၁ လက်၊ ခဲယမ်း ၁၆၀၆၇၄ တောင့်၊ လက်ပစ်ဗုံး ၇၃၆ လုံးနဲ့ လက်လုပ်မိုင်း ၇၉၀၂ လုံးကို သိမ်းဆည်းရမိထားတယ် လို့ ပြောပါတယ်။
ဒါတွေကတော့ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံတွေကို တိုက်ခိုက်တုန်းမှာ ဖမ်းဆီးမိတာနဲ့ ရှာဖွေဖော်ထုတ်ဖမ်းဆီးတယ်ဆိုတဲ့ အရေအတွက် ဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ကာလအတွင်း တိုက်ခိုက်တာ ၄၀၄၄ ကြိမ် ရှိတယ်လို့လည်း ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အန်အယ်လ်ဒီအမတ်ဟောင်း ဦးဖြိုးဇေယျာသော် ပြောထားတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ကိုလည်း ပြသခဲ့ပါတယ်။
Photo- DSINFO