close

မောင်တော၌ ဖမ်းဆီးခံထားရသူများအား တွေ့ခွင့်မရသဖြင့် မိသားစုဝင်များ စိုးရိမ်

ရခိုင်ပြည်နယ် မောင်တော ကြိမ်းချောင် စစ်ဆေးရေးဂိတ် နဲ့ ကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေး ဂိတ်တွေမှာ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ ၂ ယောက်နဲ့ ဒေသခံအရပ်သား ၄ ယောက်ကို ဖမ်းဆီးထားပြီး တွေ့ခွင့်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

ဖမ်းခံရတဲ့ တက္ကသိုလ်ကျောင်းသားရဲ့ မိခင်က “နိုဝင်ဘာ ၁ ရက်မှာ မင်္ဂလာညွှန်က ဆိုက်ကယ် ကယ်ရီသမားနဲ့ လိုက်လာတာ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတယ်လို့ သိရပါတယ်။ သူတို့ကို ဒေသခံတွေ နိုဝင်ဘာ ၄ ရက်မှာ လက်ထိတ်နဲ့ စခန်းမှာတွေ့ခဲ့တယ်လို့ ပြောတယ်။ မိဘတွေကို ဒီနေ့အထိ ဖမ်းထားတာအကြောင်းမကြားဘူး။ ကျမတို့ အလွန်စိုးရိမ်နေကြတယ်။ ကြောက်လန့်လို့လည်း သွားမရှာကြည့်ဝံ့ဘူး" လို့ ပြောပါတယ်။

ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံထားရသူ ၂ ယောက်ကတော့ မင်းခမောက်ကျေးရွာနေ တက္ကသိုလ်  ဒုတိယနှစ်ကျောင်းသား မောင်ဆန်းဌေးဖြစ်ပြီး စစ်တွေမြို့မှာ စာမေးပွဲဖြေပြီးနောက် မင်္ဂလာညွှန့်ကျေးရွာမှ ဆိုက်ကယ်ကယ်ရီသမား မောင်ခင်ဇော်နဲ့အတူ ရွာကိုပြန်လာစဥ်  ဖမ်းခံရတာဖြစ်ပါတယ်။

အလားတူ အောက်တိုဘာ ၃၁ ရက်ကလည်း အသက် ၂၄ နှစ်ရှိ တက္ကသိုလ်ကျောင်းသူ မအေးမြစန္ဒာမှာ မောင်တောမြို့နယ်ရှိ  မင်္ဂလာညွန့်ကျေးရွာရှိ ဆွေမျိုးတွေဆီ အလည် လာရောက်ပြီး မင်းပြားမြို့နယ် ပြိုင်းတောကျေးရွာပြန်ဖို့ မောင်တောမြို့ကို ဆိုက်ကယ်ကယ်ရီသမားနဲ့ ဆင်းလာချိန် ကြိမ်ချောင်း ၂၄ စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတယ်လို့ မင်္ဂလာညွှန့်ကျေးရွာမှ ဆိုက်ကယ် ကယ်ရီသမားရဲ့ ဇနီးက ပြောပါတယ်။

“ကျမအိမ်ရှင်က ဆိုက်ကယ် ကယ်ရီဆွဲတာ။ မင်္ဂလာညွန့်ကျေးရွာကို အလည်လာတဲ့ တက္ကသိုလ်ကျောင်းသူ မအေးမြစန္ဒာကို အောက်တိုဘာ ၃၁ ရက်မှာ မောင်တောကို လိုက်ပို့တာ။ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးထားတာ။ ဖမ်းဆီးတဲ့နေ့ကစပြီး ဒီနေ့အချိန် အဆက်အသွယ် မရသေးဘူး။” 

ဇူလိုင် ၁၈ ရက်က မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီး နယ်ခြားစောင့်ကားတစီး ကို အေအေက မိုင်းခွဲတိုက်ခိုက်အပြီး မောင်တောမြို့နယ်မြောက်ပိုင်း သွားလာခွင့်ကို အကန့်အသတ်မရှိ ပိတ်ထားတာဖြစ်ပါတယ်။

လမ်းပိတ်ထားရာမှာလည်း လမ်းသွားလမ်းလာ လုပ်သူတွေရဲ့ ဖုန်းတွေကို  စစ်ဆေးပြီး မသင်္ကာ သူတွေကို ဖမ်းဆီးလေ့ရှိရာမှာ ရန်အောင်ပြင်ကျေးရွာသား ၂ ယောက်ပါ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up