ဖာပွန်ခရိုင်ထဲက စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ ထွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ က ကြေညာပြီးနောက်ပိုင်း လေကြောင်းကနေ နေ့တိုင်းလာရောက်ပစ်ခတ်နေပါတယ်။
ဒီမနက် ၁၀ နာရီအချိန် ဖာပွန်မြို့နယ်၊ ဒီဘူနိုရွာကို ဗုံးလာကြဲပစ်ခတ်သွားခဲ့လို့ ဒေသခံတယောက် ခါးအထက်ကျောပြင်မှာ ဗုံးစမှန် ဒဏ်ရာရပြီး၊ အိမ်အဆောက်အဦတလုံး၊ ကားတစီး ပျက်စီးဆုံးရှုံးသွားတယ်လို့ ကေအန်ယူတပ်မဟာ ၅ ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းကစပြီး မဲဝိုင်ဒေသကို စစ်လေယာဉ်တွေ တနေ့ကို ဆယ်ကြိမ်ထက်မနည်း လာရောက်ဗုံးလာကြဲပစ်ခတ်နေတာလို့ ဆိုပါတယ်။
အခုလည်း တရက်ကို တကြိမ်နှစ်ကြိမ် လာရောက် ပစ်ခတ်နေသလို လက်နက်ကြီးနဲ့လည်း ဖာပွန်၊ မထောကနေ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဗိုလ်မှူးကြီးက ပြောပါတယ်။
ရွာတွေမှာ ဒေသခံတွေ မနေကြတော့ဘဲ ရှောင်တိမ်းနေပေမယ့် စစ်တပ်ကတော့ ပုံမှန်လာရောက်တိုက်ခိုက်ဗုံးကြဲနေတာ ဖြစ်ပါတယ်။
"အခုအချိန်က လူတွေက အမြဲ သတိနဲ့နေတော့ လူတွေက သူတို့အိမ်မှာ မနေကြဘူး။ တခြားနေရာမှာပဲ သွားနေကြတာ များတယ်။ ပြန်လာရင်လည်း ခဏနဖြုတ်ပြန်လာပြီး အခြေအနေကိုကြည့်ပြီး အခြားနေရာမှာပဲ သွားနေကြတာများတယ်" လို့ သူက ပြောပါတယ်။
စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ မဲဝိုင်ရွာလည်း တရွာလုံးပျက်စီးသွားပြီလို့ သူက ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ-၅ နယ်မြေ၊ ဘူးသိုမြို့နယ်၊ ခေါပုပ်ကျေးရွာအုပ်စု၊ လာဂေါ်ဒဲကျေးရွာမှာ ဒီဇင်ဘာ ၁၀ ရက်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံတွေရဲ့ ဝမ်းစာစုဆောင်းထားတဲ့ စပါးကျီ ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စပါးကျီ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် စပါးတင်းပေါင်း ၂၇၀ မီးလောင်ပျက်စီးခဲ့သလို ပြည်သူတွေရဲ့ အိမ်သုံးပစ္စည်းတွေ၊ ဆိုလာပြားတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို အတင်းအဓမ္မ ယူဆောင်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအတွင်းနဲ့ ဒေသခံပြည်သူတွေရဲ့ လုပ်ငန်းခွင်တွေအတွင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်နဲ့ မြေပြင်ကနေ လက်နက်ကြီး လက်နက်ငယ် အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေကိုပါ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလကစပြီး ဒီနေ့အထိ တလကျော်ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်အထိ တိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၁၀ လုံးကျော် ပျက်စီးသွားခဲ့တယ်လို့ ကေအန်ယူ တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာလမှ ဒီဇင်ဘာလဆန်းပိုင်းအထိ ကေအန်ယူ တပ်မဟာ-၅ နယ်မြေအတွင်း နယ်မြေကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်နဲ့ နယ်မြေခံ KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ၁၄၇ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၈၅ ဦးသေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့သလို KNLA ပူးပေါင်းတပ်ဘက်က ၁၁ ဦးကျဆုံးပြီး ၃၈ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။