close

စစ်တပ်က ဗုံးကြဲပစ်ခတ်သဖြင့် ဖာပွန်ဒေသခံတဦး ဒဏ်ရာရ၊ ကားတစီးနှင့်အဆောက်အုံတလုံး ပျက်စီး

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ ထွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ က ကြေညာပြီးနောက်ပိုင်း လေကြောင်းကနေ နေ့တိုင်းလာရောက်ပစ်ခတ်နေပါတယ်။

ဒီမနက် ၁၀ နာရီအချိန် ဖာပွန်မြို့နယ်၊ ဒီဘူနိုရွာကို ဗုံးလာကြဲပစ်ခတ်သွားခဲ့လို့ ဒေသခံတယောက် ခါးအထက်ကျောပြင်မှာ ဗုံးစမှန် ဒဏ်ရာရပြီး၊ အိမ်အဆောက်အဦတလုံး၊ ကားတစီး ပျက်စီးဆုံးရှုံးသွားတယ်လို့ ကေအန်ယူတပ်မဟာ ၅ ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းကစပြီး မဲဝိုင်ဒေသကို စစ်လေယာဉ်တွေ တနေ့ကို ဆယ်ကြိမ်ထက်မနည်း လာရောက်ဗုံးလာကြဲပစ်ခတ်နေတာလို့ ဆိုပါတယ်။

အခုလည်း တရက်ကို တကြိမ်နှစ်ကြိမ် လာရောက် ပစ်ခတ်နေသလို လက်နက်ကြီးနဲ့လည်း ဖာပွန်၊ မထောကနေ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဗိုလ်မှူးကြီးက ပြောပါတယ်။

ရွာတွေမှာ ဒေသခံတွေ မနေကြတော့ဘဲ ရှောင်တိမ်းနေပေမယ့် စစ်တပ်ကတော့ ပုံမှန်လာရောက်တိုက်ခိုက်ဗုံးကြဲနေတာ ဖြစ်ပါတယ်။

"အခုအချိန်က လူတွေက အမြဲ သတိနဲ့နေတော့ လူတွေက သူတို့အိမ်မှာ မနေကြဘူး။ တခြားနေရာမှာပဲ သွားနေကြတာ များတယ်။ ပြန်လာရင်လည်း ခဏနဖြုတ်ပြန်လာပြီး အခြေအနေကိုကြည့်ပြီး အခြားနေရာမှာပဲ သွားနေကြတာများတယ်" လို့ သူက ပြောပါတယ်။

စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ မဲဝိုင်ရွာလည်း တရွာလုံးပျက်စီးသွားပြီလို့ သူက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up