ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာမှာရှိတဲ့ အကျဉ်းထောင်ကို ဒီဇင်ဘာ ၂၃ ရက်က ဒေသကာကွယ်ရေးတပ် KPDF က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မဇွပ်ယန်အကျဉ်းထောင်ကို ည ၉ နာရီခွဲလောက်မှာ KPDF တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ အပြန်အလှန် မိနစ် ၂၀ လောက်ပစ်ခတ်မှုဖြစ်ခဲ့ပေမဲ့ ထောင်သားတွေနဲ့ နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မသိရသေးပါဘူး။
ဖားကန့်ဒေသခံတဦးက “ထောင်ထဲမှာဖြစ်တာဆိုတော့ အထိအခိုက်တော့ မသိရဘူး။ စစ်ကောင်စီတပ်က တိုက်ပွဲလည်းပြီးရော ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ရွာတွေဘက် ပစ်တာမျိုးတော့ ရှိတယ်” လို့ ပြောပါတယ်။
အကျဉ်းထောင်နဲ့ အကျဉ်းထောင်တဝိုက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၅ ချက်ထက် မနည်းပစ်ခတ်လို့ ဆန်ခါကျေးရွာ နှစ်ချင်းဘုရားကျောင်းဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဒါ့အပြင် ဆန်ခါကျေးရွာဘေးနား လုပ်ကွက်ဘေးကို လက်နက်ကြီး ကျည်ကျရောက်ခဲ့လို့ အသက် ၁၆ နှစ် အရွယ် အမျိုးသား ၁ ဦး နောက်ကျောဘက် အနည်းငယ် ထိရှပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတိုင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ခြောက်လှန့်ပစ်ခတ်လေ့ရှိပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့် အကျဉ်းထောင်ကနေ အလွတ်တန်းသတင်းထောက်တ တယောက်နဲ့ နိုင်ငံရေးအကျဉ်းသားတယောက်တို့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက ဖားက န့်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်ကို ပုဒ်မ ၅၀၅(က)နဲ့ စစ်ကောင်စီက တရားစွဲဆိုကာ ထောင်ဒဏ် ၁ နှစ်ခွဲ၊ ပို့ကုန်/သွင်းကုန် ဥပဒေနဲ့ ၁ လ စုစုပေါင်း ပေါင်း ထောင်ဒဏ် ၁ နှစ်နဲ့ ၇ လ အမိန့်ချတ်မှတ်ခံရပြီး လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့ သူနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ် ။
"ဒီနေ့မနက်ပဲ လွတ်လာတာ ဟုတ်ပါတယ်လွတ်ရက်စေ့လို့ လွတ်လာတာပါ”လို့ ကိုဇော်ဝင်းမောင်နဲ့ နီးစပ်တဲ့ မိတ်ဆွေတဦးကပြောပါတယ်။
ဒါ့အပြင် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ဖမ်ဆီးခံရတဲ့ ကိုမျိုးဦးလည်းလွတ်မြောက်လာပါတယ်။
အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်နေ့က လုံးခင်းကျေးရွာမှာပြုလုပ်တဲ့ ညဆီမီးသပိတ်ပြုလုပ်နေချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်တပ်ရဲ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ ၄၄ ယောက် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ဖမ်းဆီးခံရပြီး ၂၇ ရက်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။