close

ဖူးကက်

close

February 10, 2023

ဖူးကက်ဘတ်စ်ကားပေါ်တွင် ခရီးသည် ၂ ဦး သေနတ်ပစ်ခံရ၊ သေနတ်သမား သူ့ကိုယ်သူအဆုံးစီရင်

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်၊ ဖူးကက်-ဖတ်ထလုန်းသွား ကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့မနက်က ခရီးသည်တင် ဘတ်စ်ကားတစီးပေါ် ပစ်ခတ်မှုဖြစ်ပြီး ၂ ဦး ဒဏ်ရာရ၊ ၁ ဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီနေ့မနက် ၇ နာရီလောက်က ဖူးကက်မြို့ ကော်ကယောက်ရပ်ကွက် ထိပ်ကဆစ်တယား လမ်းမကြီးပေါ်မှာ ဘတ်စ်ကားတစီးပေါ် ပစ်ခတ်မှုရှိကြောင်း သတင်းပေးချက်ရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အခင်းဖြစ်တဲ့နေရာမှာ ဘတ်စ်ကားတစီး ရပ်ထားပြီး အထဲမှာ သေနတ်သမားက ခုံတွေကြားထဲ ပုန်းနေတာလို့ ဖူးကက်နယ်မြေရဲတပ်ဖွဲ့က ပြောပါတယ်။

ကားသမားရဲ့ ပြောပြချက်အရ သူဟာ ဒီနေ့မနက်က ခရီးသည် ၉ ဦး တင်ဆောင်ပြီး ကားဂိတ်ကနေ မောင်းထွက်လာကြောင်း၊ ၁ ကီလိုမီတာလောက် အကွာအဝေးမှာ အမျိုးသမီး ၁ ဦးက သူ သေနတ်ပစ်ခံရကြောင်း၊ ကားရပ်ဖို့ အော်ပြောကြောင်း၊ သူလည်း နောက်ကြည့်မှန်ကနေ ကြည့်ရာမှာ အလယ်မှာထိုင်နေတဲ့ ခရီးသည်က အနောက်ဘက်လျှောက်သွားတာ မြင်ရကြောင်း၊ သူ့ကြည့်တာ ဘာမှမဖြစ်သလို ခပ်တည်တည်နဲ့ ပြန်ထိုင်နေပြီး နောက်တချက် ပစ်ခတ်ရာ ခရီးသည် ၁ ဦးကို ထပ်ထိမှန်ပြီး သူလည်း ကားကို လမ်းဘေးထိုးချပြီး ရပ်လိုက်တာလို့ ဆိုပါတယ်။

ကားရပ်တော့ ခရီးသည်တွေ ဆင်းပြေးပြီး သေနတ်သမားကတော့ ကားထဲမှာရှိနေတယ်လို့ ဆိုပါတယ်။

ရဲတွေရောက်လာတော့ သေနတ်ဒဏ်ရာရသူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဆေးရုံပို့ပေးလိုက်ပြီး အနီးနားတဝိုက်ကလူတွေ အန္တရာယ်ရှိမှာစိုးလို့ ၁ ကီလိုအကွာထိ စောင့်ကြပ်ထားလိုက်ကာ ကားထဲက သေနတ်သမားကို လက်နက်ချဖို့ ချော့မော့ ပြောဆိုခဲ့ကြပါတယ်။

သေနတ်သမားဟာ အသက် ၂၄ နှစ်ရွယ်ရှိ နိုင်းနားဝင်း ချွေ့ကလိန့်ဆိုသူ စစ်သားဟောင်းတဦးလို့ သိရတာကြောင့် သက်ဆိုင်ရာ ဆွေမျိုးတွေပါ ခေါ်ပြီး လာရောက်ဖျောင်းဖျ ချော့မော့ခဲ့ပါတယ်။

၄ နာရီကြာ ညှိနှိုင်းပေမဲ့ မအောင်မြင်ဘဲ ရဲတွေက မျက်ရည်ယိုဂက်စ်ကို ကားထဲ ပစ်ထည့်ခဲ့ကြောင်း၊ မနက် ၁၁ နာရီလောက်မှာ တုံ့ပြန်သံမကြားရတော့ တာဝန်ရှိသူတွေက ကားပေါ်တက်ကြည့်ရာမှာ သေနတ်သမားက သူ့ကိုယ်သူပြန်ပစ်ပြီး သွေးအိုင်ထဲ လဲကျ သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဆွေမျိုးတွေပြောပြချက်အရ နိုင်းနားဝင်းဟာ အဘွားနဲ့အတူနေပြီး အရင်က ထိုင်းတပ်မတော်ထဲ ဝင်ခဲ့ဖူးကြောင်း၊ သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိပြီး စိတ္တဇဆေးရုံလည်း တက်ခဲ့ဖူးကြောင်း၊ ဆေးရုံက ဆင်းပြီးတဲ့နောက် ဆေးကို ပုံမှန်မသောက်တာ ၂ လရှိပြီလို့ ဆိုပါတယ်။

အလောင်းဘေးမှာတော့ စိတ်မပူနဲ့၊ ကောင်းတဲ့ဘဝသစ်ကိုသွားမယ်၊ အိမ်ကိုတော့ ပြန်မလာတော့ဘူးလို့ ရေးထားတဲ့ စာတစောင်ကို တွေ့ရတာလို့ ဆိုပါတယ်။

7 days Ago

December 12, 2022

ဖူးကက်တွင် ဇိမ်ခံအပျော်စီးသင်္ဘော ၁ စီး မီးလောင် ဘတ်သန်းပေါင်း ၄၀ ခန့်ဆုံးရှုံး

ထိုင်းတောင်ပိုင်း၊ ဖူးကက်မြို့မှာ  ခရီးသည်တင် ဇိမ်ခံအပျော်စီးသင်္ဘော ၁ စီးဟာ ဒီဇင်ဘာ ၁၁ ရက်က ဆိပ်ကမ်းမှာ ရပ်နားထားစဉ် မီးလောင်သွားခဲ့ပါတယ်။

မနေ့ မနက် ၆ နာရီခွဲလောက်က ဖူးကက်မြို့ ရတ်ဆဒါးရပ်ကွက် ဆဖန်းပါလာလှေဆိပ်မှာ ကမ်းကပ်ထားတဲ့ သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖူးကက်မြို့မရဲစခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

မီးလောင်တဲ့သင်္ဘောဟာ Sea Angle Beyond အမည်ရှိ ဇိမ်ခံအပျော်စီးနှစ်ထပ် သင်္ဘောဖြစ်ပြီး၊ ဒုတိယထပ်နဲ့ လှေဦးပိုင်းဘက်မှာ မီးတောက်မီးလျှံတွေထွက်နေကာ မီးသတ်အဖွဲ့က ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

၂ နာရီကြာလောက်မှ မီးညွန့်ကျိုးသွားကြောင်း၊ အဆိုပါသင်္ဘောထဲမှာ ဝန်ထမ်းနဲ့ အလုပ်သမားတွေရှိနေပေမယ့် အားလုံးထွက်ပြေးလွတ်မြောက်ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ဒါပေမဲ့ သင်္ဘောထဲက ပစ္စည်းနဲ့စက်တွေ အကုန်လောင်ကျွမ်းသွားလို့ ဆုံးရှုံးမှုပမာဏ ခန့်မှန်းခြေ ဘတ်သန်းပေါင်း ၄၀ လောက်ရှိပြီး မီးလောင်ရတဲ့အကြောင်းမှာ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်တယ်လို့ ကနဦးခန့်မှန်းပေမယ့် အကြောင်းရင်းမှန်သိရဖို့ သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေး နေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

Ref- PhuketTime

2 months Ago
Up