close

ဖောက်ခွဲရေးပစ္စည်း

close

April 23, 2023

ဘဲလ်ဂိုရော့တ်မြို့တွင် ဖောက်ခွဲရေးပစ္စည်း တွေ့ရှိသဖြင့် လူ ၃၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့

ယူကရိန်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရုရှားနိုင်ငံက ဘဲလ်ဂိုရော့တ်(Belgorod)မြို့မှာ ဖောက်ခွဲရေးပစ္စည်း တခုကို ရှာတွေ့ခဲ့တာကြောင့် လူဦးရေ ၃၀၀၀ ကျော်ကို ဘေးလွတ်ရာဆီ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဧပြီ ၂၂ ရက်မှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးဖြစ်သူက အတည်ပြုပါတယ်။ 

ဒီမြို့မှာပဲ ရုရှားတိုက် လေယာဉ်တစင်းက မတော်တဆ ဗုံးကြဲမိပြီး ၂ ရက်အကြာမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေး ကျွမ်းကျင်သူတွေအနေနဲ့လည်း  ဒီပစ္စည်းကို လေ့ကျင့်ရေးကွင်း တခုမှာ ရှင်းလင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဘဲလ်ဂိုရော့တ် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဗီးချက်စ်လက်ဗ် ဂလတ်ကော့ဗ် (Vyacheslav Gladkov)က တယ်လီဂရမ်မှာ ရေးသားထားပါတယ်။ 

“ဒီဖောက်ခွဲရေးပစ္စည်းနဲ့ အချင်းဝက်မီတာ ၂၀၀ အတွင်းရှိ လူနေတိုက်ခန်း ၁၇ ခုကို ရွှေ့ပြောင်း နေရာချပေးဖို့  စီမံခန့်ခွဲရေးဌာနချုပ်က ဆုံးဖြတ်ခဲ့ပါတယ်၊ ပဏာမအချက်အလက်တွေအရ လူဦးရေ ၃၀၀၀ကျော်ရှိပြီး အကူအညီလိုအပ်သူတိုင်းအတွက် ယာယီနေရာ ထိုင်ခင်းတွေကိုပါ ထောက်ပံ့ပေးသွားမယ်” လို့ အုပ်ချုပ်ရေးမှူးက မှတ်ချက်ပေးပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကလည်း အသံထက်မြန်တဲ့ ရုရှားနိုင်ငံထုတ် ဆူခိုင်-၃၄ (Sukhoi-34) တိုက်လေယာဉ်ဟာ ဘဲလ်ဂရော့တ်မြို့မှာ ပေါက်ကွဲစေခဲ့တာကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ်နှစ်ခုစလုံးက ဆက်စပ်နေတာလား ဆိုတာကိုတော့ မသိရသေးပါဘူး။

2 hours Ago

March 23, 2023

အီကွေဒေါ သတင်းထောက်များ ဖောက်ခွဲရေးပစ္စည်းများပါ စာအိတ်များ ပေးပို့ခံရ

အီကွေဒေါနိုင်ငံရှိ သတင်းဌာနအသီးသီးက သတင်းထောက်တွေဆီကို ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေပါရှိတဲ့ စာအိတ်တွေကို ပေးပို့ထားကြောင်း အမျိုးသားရဲတပ်ဖွဲ့က မတ် ၂၀ ရက်မှာ ပြောပါတယ်။

သတင်းထောက်တွေဆီ ပေးပို့ထားတဲ့ စာအိတ်တွေဟာ ပုံစံလက္ခဏာနဲ့ ပါဝင်တဲ့ အကြောင်းအရာတွေ တူညီနေတာကြောင့် အဲဒါတွေကို တပူးတပေါင်းတည်း စုံစမ်းစစ်ဆေးသွားမယ်လို့ ရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်တွေကြုံရတဲ့ မီဒီယာအဖွဲ့အစည်းတွေကိုတော့ နာမည်မဖော်ပြထားပါဘူး။

ဂွါယာကီးလ်မြို့တော်ရှိ Ecuavisa ရုပ်မြင်သံကြားဌာနမှာ ဂျာနယ်လစ် Lenin Artieda ဟာ သူ့ရဲ့ကွန်ပျူတာထဲကို စက်ပစ္စည်း ထည့်သွင်းလိုက်ချိန်မှာ စက်ပစ္စည်းတွေထဲက တစိတ်တပိုင်း ပေါက်ကွဲသွားပြီး အသေးစား ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Ecuavisa ကို ပေးပို့တဲ့ စစ်တပ်သုံး ဖောက်ခွဲရေးပစ္စည်းဟာ RDX ဖြစ်တယ်လို့ ယူဆကြောင်း  မှုခင်းဆေးပညာဆိုင်ရာ အမျိုးသားအကြီးအကဲ Xavier Chango က ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ ဂွါယာကီးလ်မြို့တော်မှာပဲရှိတဲ့ TC ရုပ်မြင်သံကြားရဲ့ သတင်းဌာနကို ပေးပို့လာတဲ့ ထိန်းချုပ်မှုရှိ ဖောက်ခွဲရေးကိရိယာတခုကိုလည်း ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း အစိုးရရှေ့နေတွေက မတ် ၂၀ ရက်မှာ ပြောပါတယ်။

မြို့တော် ကီးတိုရှိ တတိယမြောက် ရုပ်မြင်သံကြားဌာနနဲ့ ရေဒီယိုအသံလွှင့်ဌာနမှာလည်း ဖောက်ခွဲရေးပစ္စည်းတွေ ပါရှိတဲ့ စာအိတ်တွေကို လက်ခံရရှိခဲ့ကြောင်း ဒေသတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထောက်ခံအားပေးရေးအဖွဲ့ Fundamedios က ပြောပါတယ်။

တယ်လီ အယ်မဇွန်နာ့စ် ရုပ်မြင်သံကြားလိုင်းရဲ့ သတင်းထောက်တဦးကလည်း မတ် ၁၆ ရက်က အမည်မသိ စာအိတ်တခု လက်ခံရရှိခဲ့ပြီး ဖွင့်လိုက်တာနဲ့ စက်ပစ္စည်းတခုကို တွေ့ရှိခဲ့ရကြောင်းနဲ့ အဲဒီပစ္စည်းကို ရဲတပ်ဖွဲ့က ဖောက်ခွဲရေးပစ္စည်းလို့ အတည်ပြုထားပြီးကြောင်း အဲဒီ တီဗီချန်နယ်က ပြောပါတယ်။

အစိုးရကတော့ နိုင်ငံတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးမယ်လို့ ပြောပါတယ်။

1 month Ago
Up