close

ဖောင်းကြွနံပါတ်ပြား

close

May 8, 2023

ရန်ကုန်တွင် ဖောင်းကြွနံပါတ်ပြား အသစ်မလဲရသေးသည့်ကားများကို စတင်အရေးယူ

ရန်ကုန်မြို့မှာ ဖောင်းကြွနံပါတ်ပြားအသစ်မလဲရသေးတဲ့ ကားတွေကို မေလ ၈ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတွေက စတင်အရေးယူနေတယ်လို့ ယာဥ်မောင်းတွေထံက သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့က နေရာတချို့မှာ ယာဥ်ထိန်းရဲတွေက ယာဥ်တွေရဲ့နံပါတ်ပြားကို စစ်ဆေးတာ ဖမ်းဆီးတာနဲ့ ဒဏ်ရိုက်တာတွေ တွေ့လာရတာလို့ ဆိုပါတယ်။

ကိုယ်ပိုင်အိမ်စီးကားယာဥ်မောင်းတစ်ဦးက "အင်းစိန်လမ်းမှာ  စစ်နေတာ။ ကိုယ့်ကားကတော့ ပြောင်းထားပြီးသားမို့လို့မထိဘူး၊ တခြားကားတွေကိုတော့ ဖမ်းစစ်နေတာတွေ့တယ်"လို့ပြော ပါတယ်။

လက်ရှိမှာ ယာဥ်လိုင်စင်သက်တမ်းကျန်သေးတဲ့ကားအများစုက သက်တမ်းတိုးမှ နံပါတ်ပြားလဲ မယ်ဆိုပြီး ကျန်နေတာဖြစ်ပြီး အဲဒီသူတွေပဲ အဓိက အဖမ်းခံနေရတာလို့ အငှားယာဥ်မောင်းသမားတဦးက ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမူဦးစီးဌာန(ကညန)က ယာဥ်ဖောင်း ကြွနံပါတ်ပြားတွေကို ဧပြီလကုန်နောက်ဆုံးထားပြောင်းလဲတပ်ဆင်ဖို့ ညွှန်ကြားခဲ့တာရှိပါတယ်။

ပြောင်းလဲ တပ်ဆင်ရမယ့်နံပါတ်ပြားမှာ ယာဥ်မှတ်ပုံတင်ရာမြို့နယ်၊ ယာဥ်အမျိုးအစားကို ထည့်သွင်းထားတာဖြစ်ပါတယ်။

အဲဒီနံပါတ်ပြား အသစ်တွေကို မေ ၁၅ ရက်အထိ ပြောင်းလဲတပ်ဆင်တာမရှိလို့ ဖမ်းမိရင်ဒဏ်ငွေ ၅၀၀၀ ကျပ်ပေးဆောင်ရမှာဖြစ်ပြီး အဲဒီသတ်မှတ်ရက်ကျော်လို့မှ မပြောင်းရသေးရင် ယာဥ်ရဲ့ ဝှီးတက် သိမ်းယူခံရမယ်ဆိုပြီး ကညနက အသိပေးထားတယ်လို့သိရပါတယ်။

အရေးယူခံရတဲ့ ယာဥ်အနေနဲ့ နံပါတ်ပြား ပြောင်းပြီးမှသာ ဝှီးတပ်ကိုပြန်လည်ရ ရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလိုအရေးယူမယ်ဆိုတဲ့အကြောင်း ယာဥ်လိုင်စင်ဝန်ဆောင်မူပေးနေတဲ့ လုပ်ငန်းအသိုင်းအဝိုင်းက နေထွက်ပေါ်နေတာဖြစ်ပြီး တရားဝင်ထုတ်ပြန်စာတော့ မတွေ့ရသေးပါဘူး။

အဲဒီလို စတင် အရေးယူနေတယ်ဆိုတာနဲ့ပတ်သက်လို့ ကညနရုံးဆီဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ 

3 mins Ago

March 17, 2023

မြဝတီတွင် ဖောင်းကြွနံပါတ်ပြား မတပ်ဆင်သည့်ယာဉ်များကို စစ်ဆေးအရေးယူမည်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ လိုင်စင်ရှိ မော်တော်ယာဉ်တွေ ဖောင်းကြွနံပါတ်ပြားအသစ်တွေကို ပြောင်းလဲတပ်ဆင် အသုံးပြုကြဖို့နဲ့ မတပ်ဆင်တဲ့ယာဉ်တွေကို ဧပြီ ၁ ရက်ကစပြီး စစ်ဆေးအရေးယူသွားမယ်လို့ က.ည.န ဌာနကနေ သိရပါတယ်။

မော်တော်ယာဉ်တွေအနေနဲ့ မြို့နယ်အလိုက် ကော့ကရိတ်မြို့ KYN-1၊ ကြာအင်းဆိပ်ကြီး KYN-2 ၊ ဖာပွန် KYN-3၊ ဘားအံ KYN-4၊ လှိုင်းဘွဲ KYN-5၊ သံတောင်ကြီး KYN-6၊ မြဝတီ KYN-7 စတဲ့ ယာဉ်အမျိုးအစားပါရှိတဲ့ ထပ်တိုးရိုက်နှိပ်ထားတဲ့ ဖောင်းကြွနံပါတ်ပြား အသစ်တွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး က.ည.န ရုံးမှာ ထုတ်ယူ ပြောင်းလဲတပ်ဆင်ကြရာမှာ ဖြစ်ပါတယ်။

က.ည.န ဝန်ထမ်းတဦးက “ရုံးချုပ်က ညွှန်ကြားထားတာကတော့ ဒီလကုန်ရင် ကားတွေအကုန်လုံးကို ဖောင်းကြွနံပါတ်ပြားအသစ်တွေ မဖြစ်မနေ ပြောင်းလဲတပ်ဆင်ရမယ်။ ဒီလကုန်ကနေ ပညာပေးကာလ ၁ လမှာ မတပ်ဆင်ရသေးတဲ့ မော်တော်ယာဉ်တွေကို ယာဉ်ထိန်းတွေက စစ်ဆေးမယ်။ နံပါတ်ပြားလဲဖို့အတွက် ပြောမယ်။ နောက်ပိုင်းတော့ သူတို့ ဒဏ်ကြေးသတ်မှတ်တာ ဘာညာတော့ ရှိမှာပေါ့” လို့ ပြောပါတယ်။

နံပါတ်ပြားလဲလှယ်မယ့် မော်တော်ယာဉ်တွေအနေနဲ့ သက်ဆိုင်ရာ က.ည.န ရုံးတွေမှာ အရင် လာရောက်စာရင်းပေးသွင်းဆောင်ရွက်ရမှာဖြစ်ပြီး ကရင်ပြည်နယ်အတွက် ဖောင်းကြွနံပါတ်ပြား အသစ်တွေကို မော်လမြိုင်စက်ရုံကနေ တိုက်ရိုက်ထုတ်ယူပြီး က.ည.န ရုံးမှာ ဆောင်ရွက်ထားတဲ့ ယာဉ်ပိုင်ရှင် (သို့မဟုတ်) ပွဲစားထံ ဖုန်းဆက်ပြီး နံပါတ်ပြားလာလဲဖို့ အကြောင်းကြား ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြား လဲလှယ်တဲ့အခါမှာ လိုင်စင်ရှိတဲ့ကားတွေအကုန်လုံး လဲလှယ်ရမှာဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ ၁၀,၀၀၀ ကျပ် ကုန်ကျမှာဖြစ်သလို လုပ်ငန်းသုံး ကုန်ကားကြီးတွေကို ဦးစားပေး ဆောင်ရွက်ပေးနေတယ်လို့လည်း ကုန်ကားမောင်းသူတဦးက ပြောပါတယ်။

မြဝတီမြို့ခံတဦးက “အရင်ကဆိုရင် တခုခုဖြစ်ရင် CCTV တို့ Black Box တို့ကနေ အစအဆုံး လိုက်စစ်နေရတာလေ။ အခုလို မြို့နယ်ကုတ်ဒ်နံပါတ်တွေ ကားအမျိုးအစားတွေ ခွဲလိုက်တော့ ဘယ်ကကားလဲဆိုတာ တန်းသိနိုင်တယ်လေ။ အဲ့လိုသိလို့ က.ည.န ရုံးတွေကို လိုက်ရင်လည်း သူတို့ရုံးမှာက နေရပ်လိပ်စာ အပြည့်အစုံရှိတယ်လေ။ အဲ့လို လိုက်လို့လွယ်အောင်” လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်က မြန်မာနိုင်ငံက မော်တော်ယာဉ်နံပါတ်ပြားတွေကို စာရင်းဇယား မှန်ကန်ရေးနဲ့ ကွန်ပြူတာကင်မရာတွေကနေ မှတ်တမ်းတင်ရ လွယ်ကူဖို့အတွက် အင်္ဂလိပ်အက္ခရာ နံပါတ်ပြားတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် စတင်ပြောင်းလဲ သုံးစွဲခဲ့တယ်လို့ က.ည.န ဌာနကနေ သိရပါတယ်။

2 months Ago
Up