close

ရန်ကုန်တွင် ဖောင်းကြွနံပါတ်ပြား အသစ်မလဲရသေးသည့်ကားများကို စတင်အရေးယူ

ရန်ကုန်မြို့မှာ ဖောင်းကြွနံပါတ်ပြားအသစ်မလဲရသေးတဲ့ ကားတွေကို မေလ ၈ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတွေက စတင်အရေးယူနေတယ်လို့ ယာဥ်မောင်းတွေထံက သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့က နေရာတချို့မှာ ယာဥ်ထိန်းရဲတွေက ယာဥ်တွေရဲ့နံပါတ်ပြားကို စစ်ဆေးတာ ဖမ်းဆီးတာနဲ့ ဒဏ်ရိုက်တာတွေ တွေ့လာရတာလို့ ဆိုပါတယ်။

ကိုယ်ပိုင်အိမ်စီးကားယာဥ်မောင်းတစ်ဦးက "အင်းစိန်လမ်းမှာ  စစ်နေတာ။ ကိုယ့်ကားကတော့ ပြောင်းထားပြီးသားမို့လို့မထိဘူး၊ တခြားကားတွေကိုတော့ ဖမ်းစစ်နေတာတွေ့တယ်"လို့ပြော ပါတယ်။

လက်ရှိမှာ ယာဥ်လိုင်စင်သက်တမ်းကျန်သေးတဲ့ကားအများစုက သက်တမ်းတိုးမှ နံပါတ်ပြားလဲ မယ်ဆိုပြီး ကျန်နေတာဖြစ်ပြီး အဲဒီသူတွေပဲ အဓိက အဖမ်းခံနေရတာလို့ အငှားယာဥ်မောင်းသမားတဦးက ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမူဦးစီးဌာန(ကညန)က ယာဥ်ဖောင်း ကြွနံပါတ်ပြားတွေကို ဧပြီလကုန်နောက်ဆုံးထားပြောင်းလဲတပ်ဆင်ဖို့ ညွှန်ကြားခဲ့တာရှိပါတယ်။

ပြောင်းလဲ တပ်ဆင်ရမယ့်နံပါတ်ပြားမှာ ယာဥ်မှတ်ပုံတင်ရာမြို့နယ်၊ ယာဥ်အမျိုးအစားကို ထည့်သွင်းထားတာဖြစ်ပါတယ်။

အဲဒီနံပါတ်ပြား အသစ်တွေကို မေ ၁၅ ရက်အထိ ပြောင်းလဲတပ်ဆင်တာမရှိလို့ ဖမ်းမိရင်ဒဏ်ငွေ ၅၀၀၀ ကျပ်ပေးဆောင်ရမှာဖြစ်ပြီး အဲဒီသတ်မှတ်ရက်ကျော်လို့မှ မပြောင်းရသေးရင် ယာဥ်ရဲ့ ဝှီးတက် သိမ်းယူခံရမယ်ဆိုပြီး ကညနက အသိပေးထားတယ်လို့သိရပါတယ်။

အရေးယူခံရတဲ့ ယာဥ်အနေနဲ့ နံပါတ်ပြား ပြောင်းပြီးမှသာ ဝှီးတပ်ကိုပြန်လည်ရ ရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလိုအရေးယူမယ်ဆိုတဲ့အကြောင်း ယာဥ်လိုင်စင်ဝန်ဆောင်မူပေးနေတဲ့ လုပ်ငန်းအသိုင်းအဝိုင်းက နေထွက်ပေါ်နေတာဖြစ်ပြီး တရားဝင်ထုတ်ပြန်စာတော့ မတွေ့ရသေးပါဘူး။

အဲဒီလို စတင် အရေးယူနေတယ်ဆိုတာနဲ့ပတ်သက်လို့ ကညနရုံးဆီဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ 

Up