ကရင်ပြည်နယ်၊ တပ်မဟာ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) ကမမောင်း - ဖာပွန် ကားလမ်းကို ပိတ်ထားတဲ့အပြင် ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရတဲ့အတွက် ဒေသခံတွေအနေနဲ့ စားသောက်ရေး အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတဲ့အပြင် စစ်ကောင်စီတပ်တွေက အရပ်သားအသွင် အိမ်စီးကားတွေနဲ့ လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ပို့ဆောင်နေတဲ့အတွက် KNLA က တရားဝင်အသိပေးပြီး ရေလမ်း၊ ကုန်လမ်းအားလုံး ပိတ်ထားလိုက်တာပါ။
အခုလို KNLA ကလမ်းကြောင်းအားလုံး ပိတ်လိုက်တဲ့အတွက် စစ်ကောင်စီက ဖာပွန်မြို့မှာ ဖုန်းလိုင်းတွေကို ထပ်မံဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖာပွန်မြို့၊ ဒေသခံတစ်ဦးက “KNUက ရေလမ်းကုန်လမ်းအားလုံးကို ၁၅ ရက်နေ့တည်းက ပိတ်ထားတာ။ စစ်ကောင်စီက ထပ်ပြီးဖုန်းလိုင်းတွေကို ၁၆ ရက်ညတည်းက ဖြတ်တောက်ပြီး ပိတ်လိုက်တာ။ ကျနော်တို့ဒေသခံတွေ စားသောက်ရိက္ခာတွေ အခက်အခဲတွေနဲ့ ကြုံနေရပြီ။ ဖုန်းလိုင်းပါဖြတ်တောက်လိုက်တော့ လက်ရှိဖြစ်နေတဲ့ စစ်ရေးနဲ့နိုင်ငံရေးအခြေအနေတွေ မသိရတော့ဘူး။ သတင်းအမှောင်ပါ ချခံထားရတယ်” လို့ ပြောပါတယ်။
ယခင်က နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် KNU က ကမမောင်း - ဖာပွန်သွား ကုန်လမ်းကို ၁ လ ၂ ရက် သွားလာခွင့်ပေးခဲ့သလို ရေလမ်းကြောင်းကိုပါ ခွင့်ပြုခဲ့တယ်လို သိရပါတယ်။
တပ်မဟာ ၅၊ ကေအန်ယူ ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံတချို့ လက်နက်ကြီးကျဉ်ထိမှန်ပြီး နေအိမ်တွေပါ ပျက်စီးခဲ့သလို နေထိုင်စားသောက်ရေးအတွက် မိမိတို့ပိုင် ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်ရာမှာ မြေမြုပ်မိုင်းအန္တရာယ်ကိုပါ စိုးရိမ်နေရသလို နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်လာတဲ့အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ဖို့နဲ့ ကတုတ်ကျင်းတွေပြင်ဆင်ပြီး ရှောင်တိမ်းနေထိုင်ဖို့ KNU က ဒေသခံတွေကို အသိပေးတိုက်တွန်းထားပါတယ်။
KNU လက်အောက်ခံ တပ်မဟာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ နယ်မြေတွေကို စစ်ကောင်စီက လူအင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းပြီး နယ်မြေကျော်ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားတာ၊ စခန်းတည်ဆောက်တာ၊ ကျေးရွာအတွင်း လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒေသခံတွေအပေါ် လူသားဒိုင်းအသုံးပြုပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေကြောင့် နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာတွေမှာ Mytel ဖုန်းလိုင်းကလွဲပြီး ကျန်တဲ့ ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ အကုန်ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကနီမြို့နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို သြဂုတ် ၂ ရက် ညပိုင်းက ဖြတ်ခံရတာ ဖြစ်ပြီး ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်တဲ့အခါနဲ့ ဖုန်းတာဝါတိုင်တွေရှိတဲ့ နေရာတွေကို စစ်တပ်တွေရောက်သွားတဲ့အခါတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားလေ့ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လိုင်းသုံးရင်လည်း အဝိုင်းပဲ လည်နေပြီး ဖုန်းခေါ်ရင်လည်း ပြန်ပြန်ကျတာ ခေါ်မရဘူး။ စစ်ကောင်စီက အင်တာနက်လိုင်းလည်းဖြတ်တယ်။ ဖုန်းလိုင်းလည်းဖြတ်တယ်။ စားနပ်ရိက္ခာ ဆေးဝါးတွေသယ်တဲ့ လမ်းကြောင်းလည်း ပိတ်ထားတယ်။ ရွာတွေရောက်ရင် စားနပ်ရိက္ခာ ဆေးဝါးတွေ လူသုံးကုန်တွေလိုရာ အကုန်သယ်တယ်။ လူသတ်တယ် ရိုက်နှက်တယ်။ ဘာ ကောင်းတာကျန်သေးလဲဗျာ။ ကနီနယ်မှာ ဒီထက်ဆိုးဖို့ပဲရှိတယ်။ ဒီပုံအတိုင်းဆို ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်လိုက်တဲ့ နောက်ကွယ်မှာ ကနီမြို့နယ်မှာ ဆိုးဝါးတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ပေါ်လာနိုင်တယ်” လို့ ကနီဒေသခံတစ်ဦးက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားနေတဲ့ အင်းပေါ်ဒေသ ဆယ်ရွာချောင်ဒေသနဲ့ ကုန်းတွင်းပိုင်းဒေသ ကင်အုပ်စု၊ ခုံကြီးအုပ်စု၊ ယင်းအုပ်စု၊ ကဲတောင်အုပ်စု စတဲ့ အုပ်စုတွေမှာ အများပြည်သူတွေသုံးစွဲနနေတဲ့ ဖုန်းလိုင်းနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ပြန်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ ကနီနယ်မြောက်ဖျားမှာရှိတဲ့ ကျေးရွာတွေမှာ အရင်လတွေက ဆက်သွယ်ရေး ဖုန်းလိုင်းတွေ အကုန်ဆက်လိုရတယ်။ အရင်ဇူလိုင်လ ၉ ရက်နေ့က ယင်ကျေးရွာမှာ စစ်ခွေးတွေ ဝင်လာတော့ ကျနော်တို့ Ooredoo၊ Telenor တွေက ဖုန်းခေါ်တာတွေ၊ အင်တာနက်တွေ သုံးမရတော့ဘူးဗျ။ MPT ကတော့ ဩဂုတ် ၂ ရက်နေ့က ပြတ်သွားတယ်။ Mytel လိုင်းကတော့ မိတဲ့နေရာတော့မိတယ်။ ဒါပေမဲ့ ရွာတိုင်းတော့ မမိဘူးဗျ။ ဘာကြောင့် ပြတ်တာတော့ မသိဘူးပေါ့ဗျာ။ အခုလိုဆက်သွယ်ရေးပျက်တော့ အကုန်လုံး ခက်ခဲကြတာပေါ့။ သတင်းတွေ မသိရတော့သလို၊ မိသားစုအချင်းချင်း အဆက်သွယ်တွေပြတ်ကုန်ရော”လို့ ကင်းကျေးရွာက ပြည်သူတစ်ဦးက ပြောပါတယ်။
ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အင်အားအလုံးရင်းနဲ့ ကျေးရွာတိုင်းလိုလိုကို ဝင်ရောက်ကာ စားသောက်ကုန်ပစ္စည်းတွေနဲ့ ပရိဘောဂတွေပါ ဖျက်ဆီးနေတာတွေ နေ့စဉ်လိုလို ပြုလုပ်နေတာကြောင့် ဒေသခံတွေ ဆက်သွယ်ရေးလိုင်း ပြတ်တောက်ရုံသာမက စားနပ်ရိက္ခာပါ ပြတ်လပ်နေပါတယ်။
စစ်ကောင်စီရဲ့တပ်တွေက ဆက်သွယ်ရေး ပြတ်တောက်နေတဲ့အပေါ် အခွင့်ကောင်းယူပြီး ဥပဒေမဲ့သတ်ဖြတ်ရမှာကို စိုးရိမ်နေကြရတယ်လို့လည်း ဒေသခံရွာသားတွေက