close

ဖာပွန်လမ်းပိုင်းပိတ်ပြီး ဖုန်းလိုင်းပါ ဖြတ်တောက်ခံရသဖြင့် ဒေသခံများ စားသောက်ရေးခက်ခဲနေ

ကရင်ပြည်နယ်၊ တပ်မဟာ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) ကမမောင်း - ဖာပွန် ကားလမ်းကို ပိတ်ထားတဲ့အပြင် ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရတဲ့အတွက် ဒေသခံတွေအနေနဲ့ စားသောက်ရေး  အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတဲ့အပြင် စစ်ကောင်စီတပ်တွေက အရပ်သားအသွင် အိမ်စီးကားတွေနဲ့ လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ပို့ဆောင်နေတဲ့အတွက် KNLA က တရားဝင်အသိပေးပြီး ရေလမ်း၊ ကုန်လမ်းအားလုံး ပိတ်ထားလိုက်တာပါ။

အခုလို KNLA ကလမ်းကြောင်းအားလုံး ပိတ်လိုက်တဲ့အတွက် စစ်ကောင်စီက ဖာပွန်မြို့မှာ ဖုန်းလိုင်းတွေကို ထပ်မံဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖာပွန်မြို့၊ ဒေသခံတစ်ဦးက “KNUက ရေလမ်းကုန်လမ်းအားလုံးကို ၁၅ ရက်နေ့တည်းက ပိတ်ထားတာ။ စစ်ကောင်စီက ထပ်ပြီးဖုန်းလိုင်းတွေကို ၁၆ ရက်ညတည်းက ဖြတ်တောက်ပြီး ပိတ်လိုက်တာ။ ကျနော်တို့ဒေသခံတွေ စားသောက်ရိက္ခာတွေ အခက်အခဲတွေနဲ့ ကြုံနေရပြီ။ ဖုန်းလိုင်းပါဖြတ်တောက်လိုက်တော့ လက်ရှိဖြစ်နေတဲ့ စစ်ရေးနဲ့နိုင်ငံရေးအခြေအနေတွေ မသိရတော့ဘူး။ သတင်းအမှောင်ပါ ချခံထားရတယ်” လို့ ပြောပါတယ်။

ယခင်က နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် KNU က ကမမောင်း - ဖာပွန်သွား ကုန်လမ်းကို ၁ လ ၂ ရက် သွားလာခွင့်ပေးခဲ့သလို ရေလမ်းကြောင်းကိုပါ ခွင့်ပြုခဲ့တယ်လို သိရပါတယ်။

တပ်မဟာ ၅၊ ကေအန်ယူ ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံတချို့ လက်နက်ကြီးကျဉ်ထိမှန်ပြီး နေအိမ်တွေပါ ပျက်စီးခဲ့သလို နေထိုင်စားသောက်ရေးအတွက် မိမိတို့ပိုင် ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်ရာမှာ မြေမြုပ်မိုင်းအန္တရာယ်ကိုပါ စိုးရိမ်နေရသလို နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်လာတဲ့အတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ဖို့နဲ့ ကတုတ်ကျင်းတွေပြင်ဆင်ပြီး ရှောင်တိမ်းနေထိုင်ဖို့ KNU က ဒေသခံတွေကို အသိပေးတိုက်တွန်းထားပါတယ်။

KNU လက်အောက်ခံ တပ်မဟာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ နယ်မြေတွေကို စစ်ကောင်စီက လူအင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းပြီး နယ်မြေကျော်ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားတာ၊ စခန်းတည်ဆောက်တာ၊ ကျေးရွာအတွင်း လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒေသခံတွေအပေါ် လူသားဒိုင်းအသုံးပြုပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေကြောင့် နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up