စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက တင်သားကျေးရွာအုပ်စုကို စစ်တပ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ဖြတ်လေးဖြတ် လုပ်ထားတဲ့အတွက် ဒေသခံတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။
ကလေးမြို့နဲ့ တင်သားကျေးရွာအုပ်စုကို သွားလာနေတဲ့ ကုန်ကားတွေနဲ့ ခရီးသည်ကားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ကမ်ဘားနီနဲ့ ရန်ကြီးအောင် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေတာပါ။
ဒေသခံတွေဟာ PDF တပ်ဖွဲ့ကို ထောက်ပံ့တယ်လို့ စစ်ကောင်စီက ယူဆနေတဲ့အတွက် အဆိုပါ တင်သားကျေးရွာအုပ်စုကို သွားလာမယ့်ကားတွေကို ဘာကုန်ပစ္စည်းမှ အတင်မခံခိုင်းတော့ဘူးလို့ ကုန်တင်ကားမောင်နှင်သူတစ်ဦးက ပြောပါတယ်။
ဒါကြောင့် အဆိုပါကျေးရွာအုပ်စုတွေမှာ လူသုံးကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီတွေ ပြတ်တောက်နေတယ်လို့လည်း ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
အဆိုပါတင်သားကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၁၆ ခုရှိပြီး ကလေးနယ်တောင်ပိုင်းမှာ တိုက်ပွဲတွေ အဖြစ်များလာပြီးနောက် စစ်ကောင်စီဘက်က အခုလို ဖြတ်တောက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ဒေသတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်မားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် CDF အကြား မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ကတည်းကစတင်ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အတွက် အခုဆိုရင် ၈ လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က မင်းတပ်မြို့ကို ကုန်ပစ္စည်း တင်သွင်းခွင့် ပိတ်ပင်ကန့်သတ် ထားတဲ့အတွက် မင်းတပ်မြို့မှာ ကျန်ခဲ့တဲ့ ပြည်သူတွေအနေနဲ့ ကုန်ပစ္စည်းရှားပါးမှုနဲ့ ကုန်ဈေးနှုန်း အလွန်မြင့်မားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
လက်ရှိလည်း ဆန်တွေကို အိတ်လိုက် သယ်ယူခွင့်မပေးသလို ဓာတ်ဆီ ၁ လီတာကိုလည်း ၂၇၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ မင်းတပ်မြို့ခံတဦးက ပြောပါတယ်။
အဆိုပါဒေသမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ မြို့နေလူဦးရေဟာ တစ်သောင်းဝန်းကျင် အထိရှိနေပြီး နီးစပ်ရာ ဒေသရှိတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။