close

ဖြတ်သန်းသွားလာခြင်းမပြု

close

April 7, 2023

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ဖြတ်သန်းသွားလာခြင်းမပြုရန် ကြေညာ

တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာကြောင့်  မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးမှာ ပြည်သူလူထုတွေအနေနဲ့ ဧပြီ ၇ ရက် ဒီကနေ့မနက် စတင်ပြီးဖြတ်သန်းသွားတာမလုပ်ကြဖို့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ပူးတွဲထုတ်ပြန် အသိပေးကြေညာလိုက်ပါတယ်။ 

ကရင်ပြည်နယ်  ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ် အာရှလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်၊BGF ပူးပေါင်းတပ်တွေနဲ့ ကေအန်ယူလက်အောက်ခံ မဟာမိတ်တပ်ပေါင်းစုတွေအကြား ဧပြီ ၅ ရက်ကစတင်ပြီး  တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အဆိုပါတိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများနေတာကြောင့်  မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကတဆင့် အရပ်သားပြည်သူတွေရဲ့ ကားတွေကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်နေတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။

ဒါကြောင့် အရပ်သားပြည်သူလူထုတွေအနေနဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီ  ၇  ရက်မှ ၂၁ ရက်အထိ လုံးဝ ဖြတ်သန်းသွားလာတာမလုပ်ဖို့ မြေပြင်ပူပေါင်းစစ်ကြောင်းတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီအမိန့်ကို ပူးတွဲထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

မြဝတီ-ကော့ကရိတ်အာရှလမ်းကိုပိတ်လိုက်တဲ့အတွက်  အဓိကထိုင်း-မြန်မာကုန်သွယ်ရေး စီးဆင်းမှုတွေထိခိုက်မှုရှိခဲ့ပေမဲ့ အခုလိုတိုက်ပွဲတွေပြင်းထန်နေခဲ့တာကြောင့် ခရီးသွားတွေကအစ အသွားလာမရှိကြတော့ဘူးလို့ ခရီးသွားသမားတွေက ပြောပါတယ်

စစ်ကောင်စီဘက်ကအထိနာတွေများလာလို့ စစ်အင်အားတွေ ပိုမိုဖြန့်ကြက်နေရာယူလာပေမဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကတော့ စစ်ရေးမှာ လက်ဦးမှုတွေအရယူထားတာကြောင့် စစ်ကောင်စီဘက်ကမြေပြင်မှာအထိနာများလာလေ လေကြောင်းပစ်ကူကိုပိုအားပြုပြီး သုံးစွဲလာနေ ခဲ့တယ်လို့ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

အခုရက်တွေအတွင်း မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို  ​မြန်မာစစ်ဘေးရှောင်တွေဟာ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရပြီး ထိုင်းအာဏာပိုင်တွေက အရေးပေါ်ကူညီ စောင့်ရှောက်ထားပါတယ်။

5 mins Ago

June 24, 2022

အင်းတော်-ဗန်းမောက်ကားလမ်း ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် ကြေညာ

စစ်ကိုင်းတိုင်း၊ အင်းတော်-ဗန်းမောက် ကားလမ်းမှာ စစ်ရေးလှုပ်ရှားတာတွေရှိမှာဖြစ်လို့ ဇွန် ၂၄ ရက် မနက် ၆ နာရီကနေ ဇွန် ၂၅ ရက် မနက် ၅ နာရီထိ ကား၊ သုံးဘီး၊ ဆိုင်ကယ်စတဲ့ ဘယ်လိုယာဉ်မျိုးမှ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ Banmauk Revolution-BR အဖွဲ့က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပါတယ်။

“စည်းကမ်းမလိုက်နာဘဲ တစုံတရာဖြစ်ပွားခဲ့ပါက ဒေသကာကွယ်ရေးအဖွဲ့က လုံးဝတာဝန်မယူဘူး” လို့ BR အဖွဲ့က ဆိုပါတယ်။

ဇွန် ၂၀ ရက်ကလည်း အင်းတော်-ဗန်းမောက် လမ်းပိုင်းမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ မိုးကာအုပ်ပြီး မမောင်းနှင်ဖို့နဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ဗန်းမောက်မြို့နယ်အတွင်း အရေးပေါ်ကိစ္စမှအပ ခရီးသွားလာတာတွေ မပြုကြဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

ကြေညာချက်ကို မလိုက်နာဘဲ တစုံတရာဖြစ်ပေါ်ခဲ့ပါက ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက တာဝန်မယူကြောင်း ပြောဆိုခဲ့ပါတယ်။

အင်တာနက်လိုင်းရတဲ့ ပြည်သူတွေနဲ့ နီးစပ်ရာပြည်သူတွေကိုလည်း ဖုန်းနဲ့ဖြစ်‌စေ တခြားနည်း နဲ့ ဖြစ်စေ  ဆက်သွယ်အသိပေးကြဖို့ တောင်းဆိုထားပါတယ်။

အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာ၊ အင်အားဖြည့်တင်းတာတွေ နေ့စဉ်လုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

10 months Ago
Up